
ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက အိမ်ဖျက် မီးရှို့နေတဲ့ သက်သေဆိုပြီးတော့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ ၇ စက္ကန့်ရှည်လျား တဲ့ ဗွီဒီယိုထဲမှာ အမျိုးသားတစ်ယောက်က ဝါးကတ်ခြံဝင်းထရံကို ဆောင့်ကန်နေတာတွေ့ရပါတယ်။
တကယ်တော့ ဒီဗွီဒီယိုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်ထားတဲ့ စစ်တပ်က မီးရှို့ခဲ့တာကို မီးငြိမ်းနေတဲ့ ဗွီဒီယိုဖြစ်ပါတယ်။
“ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ
PDF တွေ အိမ်ဖျက် မီးရှို့နေတဲ့ သက်သေ” စသည်ဖြင့် ရေးသားပြီး “Sit Min Lwin”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက ဧပြီ ၇ ရက်က အောက်ပါအတိုင်းမျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ကြည့်ရအောင်ပါ။
အချက်အလက်စိစစ်ချက်
ဖေ့စ်ဘွတ်မှာပဲ အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး ဒီဗွီဒီယိုစတင်ပျံ့နှံ့မှုပုံစံကို ရှာဖွေကြည့်ရာမှာ “Phoenix-အထူးပြောက်ကျားတပ်ဖွဲ့”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ အစောဆုံးဖော်ပြခဲ့တာတွေ့ရပါတယ်။ အဲဒီဖေ့စ်ဘွတ်စာမျက်နှာက ဧပြီ ၃ ရက် ည ၁၀ နာရီ ၅၃ မိနစ်မှာဖော်ပြခဲ့တဲ့ ၁ မိနစ်နဲ့ ၃၁ စက္ကန့်ရှည်လျားတဲ့ ဗွီဒီယိုရဲ့ အစမှာ အခုဖော်ပြနေတဲ့ မြင်ကွင်းကို မြင်တွေ့ရပါတယ်။
ပို့စ်စာသားအနေနဲ့ အောက်ပါအတိုင်းရေးသားထားပါတယ်။ ထမင်းမစားခင်သစ္စာဆိုနေကျအတိုင်း မိဘပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို မကာကွယ်နိုင်ခဲ့ကြောင်းနဲ့ စာနာနားလည်ပေးစေလိုကြောင်းရေးသားထားပါတယ်။
“ကိုယ့်ပြည်သူတွေရဲ့အိမ်တွေ မီးရှို့ခံနေရတာကို လက်ပိုက်ကြည့်နေရတာလောက် ခံပြင်းစရာကောင်းတာ မရှိဘူးဗျာ။ ထမင်းမစားခင်ဆိုနေကျ သစ္စာတရားတွေထဲမှာ မိဘပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမဲ့တာဝန်ကို ကျနော်တို့မကျေပွန်နိုင်ခဲ့ဘူးဗျာ။
စစ်ခွေးတွေကိုတော်လှန်ဖို့အတွက် ကျနော်တို့မှာ အင်အားရှိမှဖြစ်ဆိုတာ နည်းနည်းလောက်စာနာတွေးတောပေးကြပါ။ ပူးပေါင်းပါဝင်ပေးကြပါ။
ဗိုလ်လင်းယုန်
Phoenix အထူးပြောက်ကျားတပ်ဖွဲ့”

မူရင်းလင်ခ့် – Phoenix-အထူးပြောက်ကျားတပ်ဖွဲ့ | Archive link
ဒီမူရင်းဗွီဒီယိုထဲမှာ ဆောင့်ကန်နေတဲ့ အဲဒီခြံဝင်းထရံကို မီးစတင်ကူးစပ်လောင်ကျွမ်းနေတာတွေ့ရပြီး အခြားမီးလောင်ပြီးနောက် မြင်ရတဲ့ မီးလောင်ပြကျထားတဲ့ မြင်ကွင်းကိုလည်း ရိုက်ပြထားပါတယ်။
ထို့အပြင် အမျိုးသားတစ်ဦးရဲ့ အောက်ပါအတိုင်းပြောကြားချက် အသံကိုလည်း ဗွီဒီယိုဖိုင်ထဲမှာ ကြားရပါတယ်။ (စကားချပ်- အချို့အများအတွင်နားမကြားသာသော အသုံးအနှုန်းအချို့ကို ချန်လှပ်ထားခဲ့ပါတယ်)
“….စစ်ခွေးတွေ ရှို့သွားတာ။ ပြည်သူတွေကို အမြဲတမ်းဒုက္ခပေးနေတဲ့ကောင်တွေ…။ တစ်ရွာလုံးနီးပါးပဲ။ တစ်ရွာလုံးနီးပါပဲ။ အကုန်လုံးကွာ။ ဟာ ကိုတောက်တို့အိမ်ရော။ဟာ..။ မငြှိမ်းနိုင်သေးဘူး ကျွန်တော်တို့ လောလောဆယ်ခွေးတွေ အရင်ရှင်းနေရသေးတာမို့။ ဟာ ဆီဗူးတွေ ဆီးဗူးတွေပေါက်နေတာ”
အခြားသော သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်ပြီး လွတ်လပ်တဲ့ မီဒီယာတွေမှာလည်း ရေစကြို ရေလယ်ကျွန်း မီးရှို့ခံရမှု သတင်းကိုဖော်ပြကြတာတွေ့ရပြီး စစ်တပ်က မီးရှို့သွားတာဖြစ်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ ဒီလင့်ခ်၊ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
“Phoenix-အထူးပြောက်ကျားတပ်ဖွဲ့”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ မူလဖော်ပြခဲ့တဲ့ ဗွီဒီယိုလိုသလို ဖြတ်တောက်ပြီး သတင်းမှားဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: Phoenix-အထူးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ ဗွီဒီယိုဖိုင်ကို အသုံးပြုပြီး သတင်းမှားဖြန့်ဝေ
Fact Check By: Nayar MaungResult: Misleading