
နက်နက်တူးထားတဲ့မြေကျင်းတွေထဲမှာ ဝါးချွန်တွေ ရိုက်ထားနေတဲ့ ဓာတ်ပုံတွေနဲ့အတူ စစ်ကိုင်းတိုင်းမှာ PDF တွေက ကျေးရွာများကို အကြမ်းဖက်သိမ်းပိုက်ပြီး ရွာသားများ ကျေးရွာအတွင်း ကနေ ထွက်မပြေးနိုင်အောင် လို့ ညှောင့်ကျင်းတွေ ထောင်ထားတဲ့ မြင်ကွင်းဆိုပြီးတော့ “Aung Min”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဖြန့်ဝေထားတာတွေ့ရပါတယ်။
“စစ်ကိုင်းတိုင်းအတွင်းတွင် PDF အကြမ်းဖက်သမားများက ကျေးရွာများကို အကြမ်းဖက်သိမ်းပိုက်ပြီး ရွာသားများ ကျေးရွာအတွင်းမှထွက်မပြေးနိူင်ရန် ယ္ခုကဲ့သို့ ညှောင့်ကျင်းများ ထောင်းပြီး ကျေးရွာတွေကို ပိတ်ဆို့လျှက်ရှိတယ်လို့သိရပြီး ၎င်းတို့ကိုခုခံတဲ့ ကျေးရွာတွေကအိမ်တွေကို မီးရှို့ဖျက်ဆီးလျှက်ရှိတယ်လို့ သိရပါတယ်”လို့ ရေးသားပြီး သူကအောက်ပါအတိုင်းမျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
ဒီဓာတ်ပုံတွေကိုပဲ “77 Media Myanmar”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “စစ်ခွေးတွေက သူတို့စခန်းပတ်လည်ဒီလိုလုပ်နေတယ်တဲ့😅 ကြည့်ရတာဒီကောင်တွေ ဂျူမုံကားတွေကြည့်ပြီး Feel တက်ပြီးလျှောက်လုပ်တာနေမယ်🤣🤣🤣 စွရူးတွေ”ဆိုပြီးတော့ မျှဝေထားတာတွေ့ရပါတယ်။ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
ဒီတော့ ဒီဓာတ်ပုံတွေထဲက သူတွေဟာ ဘယ်သူတွေပါပဲ။ စစ်တပ်လား။ PDF လား။ တကယ်ဓာတ်ပုံတွေဟာ AA က ၂၀၂၀ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့တဲ့ဓာတ်ပုံတွေသာဖြစ်ပါတယ်။
အချက်အလက်စိစစ်ချက်
ဓာတ်ပုံကို Google မှာပုံဟောင်းတွေ ပြန်လည်ရှာဖွေနည်းနဲ့ ပုံရှာနည်းအသုံးပြုပြီးရှာဖွေကြည့်မယ်ဆိုရင် အောက်ပါအတိုင်းတွေ့ရပါတယ်။

ဒီဓာတ်ပုံတွေဟာ ၂၀၂၀ ခုနှစ် ဧပြီလက Arakan Army က ထုတ်ပြန်ခဲ့တဲ့ ဝါးချွန်ထောင်ချောက်တွေဖြစ်ပါတယ်။ ဧပြီ ၁၀ ရက်မှာဖော်ပြခဲ့တဲ့ Dayday News အမည်နဲ့ ဝက်ဘ်ဆိုဒ်က သတင်းတစ်ပုဒ်မှာအောက်ပါအတိုင်း ရေးသားထားတာတွေ့ရပါတယ်။
“ဧပြီလ ၆ ရက်နေ့မှာ မြန်မာနိုင်ငံမြောက်ပိုင်းရှိ ရက္ခိုင့်တပ်မတော်မှ တိုက်ခိုက်ရေးသမားများက ထောင်ချောက်ဓာတ်ပုံများအပါအဝင် တောင်တန်းဒေသများပေါ်က သူတို့ရဲ့ ကာကွယ်ရေးအစီအမံတွေကို လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။ ကြည့်နေတဲ့လူကတော့ ကျောချမ်းပုံမပေါ်။ ဓာတ်ပုံများကို ကြည့်ပြီး လက်နက်ကိုင်တပ်သားများတွေဟာ သူတို့ရဲ့ ခံစစ်နေရာတွေရှေ့မှာ ကြီးမားသော ထောင်ချောက်များကို တူးပြီး ကျင်းထဲမှာ ဝါးခြမ်းတွေ ထူထူထောင်လျှက် ဝါးခြမ်းတွေအဆုံးတစ်ဖက်ကို ချွန်ပြီး အလွယ်တကူ ထိုးဖောက်နိုင်အောင်ပြင်ဆင်နေတယ်ဆိုတာပြောနိုင်ပါတယ်။ရာဘာခြေဖဝါးကို ဝတ်ဆင်ထားလျှင် တော့ ကံဆိုးတဲ့ လက်နက်ကိုင်တပ်သား ပြုတ်ကျပေမဲ့ ပိုကံကောင်းပါမယ်။ ရက္ခိုင့်တပ်မတော်ဟာ ဗမာစစ်သားများကို ဟန့်တားရန်အတွက် အသုံးပြုရန် ရည်ရွယ်သည်ဟု ယူဆရသည့် အဆိုပါဓာတ်ပုံများကို အများပြည်သူကို ထုတ်ပြန်ခဲ့ပါတယ်။”

မူရင်းလင်ခ့် – daydaynews | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဓာတ်ပုံတွေဟာ စစ်အာဏာသိမ်းမှုမတိုင်ခင်ကတည်းက ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံတွေဖြစ်ပြီး ယခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေသလို PDF တွေထောင်ချောက်လုပ်နေတာမဟုတ်သလို စစ်တပ်ကလုပ်နေတာလည်း မဟုတ်ပါဘူး။ သို့သော်လည်း ဒီလို ထောင်ချောက်တွေဟာ ခုခံစစ်အနေနဲ့ စစ်စခန်းတွေဝန်းကျင်သုံးလေ့ရှိတဲ့ စစ်နည်းပရိယာယ်တွေထဲက တစ်ခုဖြစ်တာတော့ တွေ့ရပါတယ်။

Title:Fact Check: ဒီဓာတ်ပုံတွေက AA ကထုတ်ပြန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းက ဓာတ်ပုံတွေသာဖြစ်တယ်
Fact Check By: Nayar MaungResult: Misleading