Fact Check: ဖိလစ်ပိုင်က မြွေတွေနဲ့အနှိပ်ခံနေတဲ့ဓာတ်ပုံကို အိန္ဒိယကမြွေမြိုခံရခါနီး အမျိုးသမီးအဖြစ်ပျံ့နှံ့

Misleading နိုင်ငံတကာ၊ | International

သူမွေးမြူထားခဲ့တဲ့မြွေရဲ့မြိုခြင်းခံရခါနီး အိန္ဒိယမှာအမျိုးသမီးတစ်ဦးအဖြစ် ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြု သူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ သို့သော် ဓာတ်ပုံဟာ ဖိလစ်ပိုင်က မြွေတွေနဲ့အနှိပ်ခံနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ 

“အိမ်မှာမြွေမွေးပြီးမြွေကဘာမှမစားတာတွေ့လို့ဆရာဝန်နဲ့ သွားပြတော့မှသင်ခန်းစာရ” လို့ရေးသားပြီး “ဆယ်လီ၊ သတင်း၊ဖြစ်ရပ်မှန်”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားပြီး ဝက်ဘ်ဆိုဒ်လင့်ခ်တစ်ခုနှင့်အတူမျှဝေထား တာတွေ့ရပါတယ်။

လင့်ခ်ကိုဖွင့်ကြည့်ရာမှာ CeleLand ဆိုတဲ့ဘလော့ဂ်စာမျက်နှာတစ်ခုကိုရောက်သွားပြီး အောက်ပါအတိုင်းရေးသား ထားပါတယ်။ 

“အိမ်မှာမြွေမွေးပြီးမြွေကဘာမှမစားတာတွေ့လို့ဆရာဝန်နဲ့သွားပြတော့မှသင်ခန်းစာရ

သက်လတ်ပိုင်းအရွယ်အိန္ဒိယအမျိုးအသမီးကြီးတစ်ဦးကစပါးကြီးမြွေတစ်ကောင်ကိုအိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးထားပါတယ်။၄မီတာရှည်တဲ့ထိုမြွေကြီးကတစ်နေ့မှာတော့လုံးဝအစာမစားတော့ပါဘူးဒီလိုနဲ့မြွေကြီးကအစာမစားတာတစ်ပတ်လောက်ရှိလာတော့အမျိုးသမီးကြီးကစိတ်ပူပြီးမြွေကြီးကိုတိရိစ္ဆာန်ဆေးကုခန်းကိုခေါ်သွားပါတယ်။ထိုအမျိုးသမီးကြီးရဲ့ပြောပြချက်ကိုနားထောင်ပြီးနောက်တိရိစ္ဆာန်ဆရာဝန်ကအမနဲ့သူညဘယ်အတူတူအိပ်လား၊အိပ်တဲ့အခါအစ်မတကိုယ်လုံးကိုသူ့ခန္ဓာကိုယ်နဲ့ပတ်ပြီးအိပ်လားလို့မေးတယ်။အဲ့ဒါနဲ့အမျိုးသမီးကြီးကလည်းဟုတ်ပါတယ်ညတိုင်းအဲ့လိုပဲအိပ်တယ်။သူတစ်ခုခုကိုတောင်းဆိုချင်နေတာလို့ကျွန်မထင်တာပဲဒါပေမဲ့လည်းသူတောင်းဆိုတာကဘာမှန်းမသိတော့ကျွန်မလည်းမလုပ်ပေးနိုင်ဘူးလေ။အဲ့အတွက်ကြောင့်အရမ်းစိတ်မကောင်းဖြစ်ရတယ်လို့ပြန်ပြောတယ်။ဒါနဲ့ဆရာဝန်ကအစ်မကြီးမြွေကနေမကောင်းတာမဟုတ်ပါဘူး။အစ်မကြီးကိုစားဖို့ရည်ရွယ်နေတာပါ။အစ်မကြီးခန္ဓာကိုယ်တစ်ခုလုံးကိုသူပတ်လိုက်တိုင်းအစ်မကြီးကိုယ်လုံးအလေးချိန်ဘယ်လောက်ရှိမလဲအစ်မကြီးကိုမြိုဖို့။မြိုပြီးရင်အစာချေဖို့အတွက်သူ့ဝမ်းဗိုက်ကိုရှင်းနေတာ၊အစာမစားတော့တာကလည်းအစ်မကြီးကိုစားဖို့ကြိုတင်ပြင်ဆင်နေတာလို့ပြန်ပြောခဲ့ပါတယ်။ဒီအဖြစ်အပျက်ရဲ့သင်ခန်းစာကတော့လူတွေမှာလည်းမိမိအနီးပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုသတိထားသင့်ပါတယ်။သင်နဲ့အရမ်းရင်းနှီးပြီးမကြာခဏသင့်ကိုပွေ့ဖက်အားပေးတိုင်းသူ့ရည်ရွယ်ချက်တွေကကောင်းတယ်လို့သတ်မှတ်လို့မရပါဘူး။”(ရှင်းလင်းမှုရှိစေရန်- ပုဒ်ဖြတ်၊ပုဒ်ရပ် တည်းဖြတ်မှုအနည်းငယ်လုပ်ထားပါသည်။)

မူရင်းလင်ခ့် – FB linkArchive link  

တစ်နှစ်တာကာလအတွင်း ဒီပို့စ်ပျံ့နှံ့မှုပုံစံကိုလေ့လာကြည့်ရာမှာ ၂၀၂၁ ခုနှစ်ထဲမှာ ဒီမျှဝေမှုတွေရှိခဲ့ပြီး အဲဒီအချိန်က “The Voice Fans”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားရာမှာ ဒီပို့စ်ကိုပြန်လည်မျှဝေ အကြိမ်အရေအတွက် ၁၈၀၀ ကျော်ရှိခဲ့ပါတယ်။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB linkArchive link

အချက်အလက်စိစစ်ချက် 

Google မှာပုံရှာနည်းနဲ့ အဓိကကျတဲ့စကားလုံးအသုံးပြုရှာဖွေနည်းအသုံးပြုရှာဖွေရာမှာဓာတ်ပုံဟာ မြန်မာ စပါးကြီးမြွေ(Burmese Python)နဲ့အနှိပ်ခံနေတဲ့ ဖိလစ်ပိုင်နိုင်ငံကအမျိုးသမီးတစ်ဦးရဲ့ ပုံဖြစ်တာတွေ့ရပါတယ်။

ဗြိတိန်သတင်းအေဂျင်စီတစ်ခုဖြစ်တဲ့ Caternews က အင်္ဂလိပ်ဘာသာနဲ့ “မြွေကြောက်တဲ့ မိန်းကလေး အောင်မြင်စွာဖြင့် မြွေ အနှိပ်ခံခဲ့”လို့ရေးသားပြီး ဆောင်းပါးတစ်ပုဒ်ဖော်ပြခဲ့ရာမှာ ဒီဓာတ်ပုံကို တွေ့ရပါတယ်။ “ဤသည်မှာ ဧရာမစပါးအုံးမြွေများနှင့် အနှိပ်ခံခြင်းဖြင့် မြွေကြောက်ခြင်းကို ကျော်လွှားနိုင်သော မိန်းကလေး တစ်ဦး၏ အံ့သြဖွယ်ကောင်းသော ဓာတ်ပုံများဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူမြို့ရှိ(Cebu) ကောလိပ်ကျောင်းသူ အသက် ၁၉ နှစ်အရွယ် Sunshine သည် မြွေများကို ကြောက်လန့်တတ်သူဖြစ်သည်။ အစပိုင်းတွင် မြွေနှိပ်နယ် မှုများ ရှိနေသည့်အတွက် သူမ ထိတ်လန့်သွားခဲ့သည်။

ဓာတ်ပုံဆရာ Ian MacLean ၏အကူအညီဖြင့် သူမသည် ကြောက်ရွံ့မှုကို ကျော်လွှားကာ အရှည် ၁၈ ခန့်ရှိသည့် မြန်မာ့စပါးအုံးမြွေလေးကောင် စုစုပေါင်းအလေးချိန် ၂၅၀ ကီလိုဂရမ်ကျော်ဖြင့် အနှိပ်ခံရန် အိပ်စက်နေခဲ့သည်။”

မူရင်းလင်ခ့် – CaternewsArchive link  

ဒီဓာတ်ပုံကိုပဲ Caternews ကို ခရက်ဒစ်ပေးပြီး identity-mag အမည်နဲ့ဝက်ဘ်ဆိုဒ်ကလည်း ဖော်ပြထား တာတွေ့ရပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

ထို့အပြင် ဒီအမျိုးသမီးငယ်မြွေတွေနဲ့အနှိပ်ခံနေတဲ့ ဗွီဒီယိုကို StoryTrender ဆိုတဲ့ ယူကျူ့မှာ ၂၀၁၅ ခုနှစ် မတ် ၁၂ ရက်ကတင်ထားလည်းတွေ့ရပါတယ်။

သုံးသပ်ချက်

အိန္ဒိယက အမျိုးသမီးတစ်ဦး အိမ်မှာမွေးထားတဲ့မြွေအစာမစားလို့ ဆရာဝန်သွားပြရာကနေ မြွေအမြိုခံရမယ် အန္တရာယ်က လွတ်ကင်းခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုး အင်တာနက်မှာ မတွေ့ရပေမဲ့ မျှဝေနေတဲ့ ဓာတ်ပုံဟာ ဖိလစ်ပိုင်နိုင်ငံ စီဘူမြို့တိရစ္ဆာန်ဉယျာဉ်မှာ ဖိလစ်ပိုင်အမျိုးသမီးတစ်ဦး စပါးကြီးမြွေတွေနဲ့ အနှိပ်ခံနေတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

Avatar

Title:Fact Check: ဖိလစ်ပိုင်က မြွေတွေနဲ့အနှိပ်ခံနေတဲ့ဓာတ်ပုံကို အိန္ဒိယကမြွေမြိုခံရခါနီး အမျိုးသမီးအဖြစ်ပျံ့နှံ့

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *