
အသက် ၇၀ မှာ အငြိမ်းစားယူခဲ့ပြီး ထင်ရှားကျော်ကြားတဲ့ မြန်မာနှလုံးပညာရှင် ဦးကျော်သူမောင်ဟာ အခု အသက် ၁၀၉ နှစ်အရွယ်အထိနုပျိုနေဆဲဖြစ်ပြီး သူ့ရဲ့လျို့ဝှက်ချက်ကတော့ Cardiovax နှလုံးဆေးကြောင့် ဖြစ်တယ်လို့ဆိုထားတဲ့ပို့စ်တစ်ခု ဘလောဂ့်စာမျက်နှာတွေမှာပျံ့နှံ့လျှက်ရှိတာတွေ့ရပါတယ်။ တကယ်တော့ သတင်းတု သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။
အောက်ပါစာသားတွေကတော့ ဘလော့ဂ်တစ်ခုမှာဖော်ပြထားတဲ့ စားသားအချို့ဖြစ်ပါတယ်။ သွေးသန့်စင်မှာသာ နှလုံးအတွက် သွေးအတွက်ကောင်းမွန်ကြောင်း ဦးကျော်သူမောင်ကပြောတယ်ဆိုတဲ့ အင်တာဗျူးကိုဖော်ပြ ထားပြီး စာပိုဒ်အဆုံးနားမှာတော့ သွေးကိုသန့်စင်စေနိုင်တဲ့ Cardiovax ဆေးရဲ့အစွမ်းကို ညွှန်းထားပြီး မှာယူဖို့ စာရင်းသွင်းရန်နေရာကို ဖော်ပြထားပါတယ်။အခြားသော ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ ဒီလင့်ခ်မှာလည်း တူညီတဲ့ အင်တာဗျူးဆောင်းပါးကို ရပါတယ်။
“အသက် ၇၀ မှာ အငြိမ်းစားယူခဲ့ပြီး ထင်ရှားကျော်ကြားတဲ့ မြန်မာ နှလုံးပညာရှင် ဦးကျော်သူမောင်ဟာ နှလုံးနဲ့ ကိုယ်ခန္ဓာဟာ ငယ်ရွယ်နုပျိုနေဆဲ ကျန်ရှိခဲ့ပါတယ်။ သူ အငြိမ်းစားယူခဲ့တာ ၃၉နှစ်ရှိပါပြီ။ လူမှုလုံခြုံရေး အာဏာ ပိုင်က သူ့ကို မကြိုက်ပါဘူး။ အခုအချိန်လက်တွေ့အရ ၁၀၉နှစ် ရှိနေပြီဖြစ်ပေမဲ့လို့ သူဟာ အသက် ၆၀ လိုပါပဲ။
ဦးကျော်သူမောင် ပြောတာက အသက်ရှည်ခြင်းရဲ့ လျှို့ဝှက်ချက်ဟာ သွေးကြောတွေအပေါ် မှီတည်ပါတယ်။ သူတို့တွေ သန့်ရှင်းပြီး ကျန်းမာနေရင် အသက် ၁၂၀ နဲ့ အဲဒီထက် ပိုပြီးတော့တောင် ရှည်နိုင်ပြီးတော့ လုံးဝ ကျန်းမာတယ်လို့ ခံစားရစေပါတယ်။ နှလုံးပညာရှင်က ဒီထွက်ဆိုချက်ကို အပြည့်အဝအတည်ပြုခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ သတင်းထောက်က ဦးကျော်သူမောင်နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ သူက သွေးကြောတွေကို သန့်ရှင်းနေစေပြီး အသက်ရှည်ခြင်း နည်းလမ်းကို ရှင်းပြခဲ့ပါတယ်။”

မူရင်းလင်ခ့် – Website | Archive link
တူညီတဲ့ဖြန့်ဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာတွေ့ရပါတယ်။ ပို့စ်အချို့ဟာ ပြီးခဲ့တဲ့နှစ် ကတည်းက ဖြန့်ဝေနေတာဖြစ်ပါတယ်။
အချက်အလက်စိစစ်ချက်
မြန်မာအကျော်အမော် နှလုံးပညာရှင် ဦးကျော်သူမောင်ဆိုသူကို မြန်မာလိုရှာဖွေကြည့်ရာမှာ သူနဲ့ပတ်သက်တဲ့ အကြောင်းအရာတစ်စုံတစ်ရာမတွေ့ရပါဘူး။ ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုပြီ ရှာဖွေကြည့်ရာမှာ အသက် ၁၀၉ နှစ်ရှိတဲ့ နာမည်ကျော် ဂျာမန်နှလုံးအထူးကုဆရာဝန်၊ တီထွင်သူ၊ ပါမောက္ခအပြင် ဂျာမနီနိုင်ငံရဲ့ ဆုများစွာပိုင်ရှင် ဒေါက်တာ Klaus Brandt ဆိုပြီးတော့ ဘလော့ဂ်တစ်ခုမှာ တွေ့ရပါတယ်။ အင်္ဂလိပ်လိုရေးသား ထားတာ၊လူနာနာမည် ဒေါက်တာ Klaus Brandt နဲ့ ဆေးနားမည် Normatoneဆိုတာက လွဲလို့ မြန်မာဘာသာနဲ့ ပျံ့နှံ့ခဲ့တဲ့ အကြောင်းအရာနဲ့ တထေရာထဲတူညီပါတယ်။ အခြားထူခြားမှုကတော့ သူ့ရဲ့ ၁၀၉ နှစ်မြောက်မွေးနေ့ကို ဝန်ကြီးချုပ်ကိုယ် တိုင်က ချီးကျူးဂုဏ်ပြုခဲ့တယ်လို့လည်းရေးသားထားပါတယ်။ ဂျာမနီအစိုးရဖွဲ့စည်းပုံမှာ ဝန်ကြီးချုပ်လို့ခေါ်ဝေါ် တာမရှိပါဘူး။

မူရင်းလင်ခ့် – Webflow | Archive link
ဒီဝက်ဘ်ဆိုဒ်မှာပဲ တူညီတဲ့ဓာတ်ပုံကို Dr. Thomas D. Walker ဖော်ပြထားပြီး HeartKeep နှလုံးသန့်ဆေးကြောင့် အသက်ရှည်တယ်လို့ဖော်ပြထားပါသေးတယ်။
သံသယရှိဖွယ်ဒီရလာဒ်တွေထဲမှာ ထပ်မံပြီးတော့ ရလာဒ်တွေကို ရှာဖွေကြည့်ရာမှာ Tatar Congress အမည်နဲ့ဝက်ဘ်ဆိုဒ်မှာ နာမည်ကြီး ဂျာနယ်လစ် Vladimir Pozner နဲ့အင်တာဗျူးဆိုပြီးတော့ ၂၀၁၉ ခုနှစ် အင်တာဗျူးတစ်ခုကိုတွေ့ရပါတယ်။ Google မှာတွေ့ရတဲ့ အခြားသောရလဒ်အများအပြားကတော့ ပြင်သစ်နိုင်ငံဖွား အမေရိကန်နိုင်ငံသား ရုရှားလူမျိုးရုပ်သံသတင်းသမား Vladimir Pozner Jr. ဆိုပြီးတော့ ပြသတဲ့အတွက်တူညီတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Tatar-Congress | Archive link
အဲဒီနောက်မှာ ရုရှားဘာသာစကားအသုံးပြုသူတွေအကြားမှာအသုံးများတဲ့ Yandex မှာ ဒီဓာတ်ပုံကို ရှာဖွေကြည့် ရာမှာ အခုဓာတ်ပုံနဲ့တူညီတဲ့ မြင်ကွင်းအများအပြားကို ထပ်မံတွေ့ရပါတယ်။ Yandex မှာလည်း ဒီဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ Pozer နှင့်တွေ့ဆုံမေးမြန်းမှုအဖြစ်ဖော်ပြပါတယ်။

ဗွီဒီယိုပလက်ဖောင်း ယူကျူ့မှာတင်ထားတဲ့ ရုရှားဘာသာနဲ့ အင်တာဗျူးအမေးအဖြေတစ်ခုဖြစ်ပြီး လက်ရှိ မျှဝေနေတဲ့ ဓာတ်ပုံမြင်ကွင်းပါဝင်ပါတယ်။ ဒီအင်တာဗျူးကို Ponzer က သူ့ရဲ့ကိုယ်ပိုင်ဝက်ဘ်ဆိုဒ် မှာလည်း တင်ထားပါတယ်။ ရုရှားဘာသာကနေ မြန်မာဘာသာကို ပြန်ဆိုကြည့်ရာမှာ ရုရှားမီဒီယာတစ်ခုဖြစ်တဲ့ Tatmedia နဲ့ နိုင်ငံရေးဆွေးနွေးနေတဲ့ အင်တာဗျူးဖြစ်ပါတယ်။
အဲဒီနောက်မှာ Cardiovax ဆိုတဲ့ ဆေးအမျိုးအစားကို ရှာဖွေကြည့်ရာမှာ အွန်လိုင်းက ဈေးရောင်းဈေးဝယ် ဝက်ဘ်ဆိုဒ် အများအပြားမှာ ဒီဆေးကို ကြေညာထားတာတွေ့ရပါတယ်။ အများစုက အိန္ဒိယမှာ ခေတ်စားတဲ့ ဈေးရောင်းဈေးဝယ်ဝက်ဘ်ဆိုဒ်တွေပဲဖြစ်ပါတယ်။ ဒီဆေးကိုပဲ ရောင်းချနေတဲ့ Cardiovax.in ဝက်ဘ်ဆိုဒ်လည်း တွေ့ရပါတယ်။ သို့သော် ဒီဆေးထုတ်လုပ်တဲ့ ကုမ္ပဏီ၊ ဆက်သွယ်ရန်လိပ်စာတို့ကို မတွေ့ ရပါဘူး။ ဝက်ဘ်ဆိုဒ်ဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကာလကပဲတည်ထောင်ခဲ့တာဖြစ်ပါတယ်။
ဒီဆေးကိုပဲ ကြေညာရောင်းချနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကိုလည်း Fact Crescendo Myanmar ကတွေ့ ရပါတယ်။ ဖေ့စ်ဘွတ်မှာ Cardiovax လို့ရေးထားပေမဲ့ ဆေးဝယ်လို့ရတဲ့ ဝက်ဘ်ဆိုဒ်ကိုတော့ https://healthy-offer.online/ ကိုညွန်းဆိုထားတာတွေ့ရပါတယ်။ဒီဝက်ဘ်ဆိုဒ်မှာလည်း ကုမ္ပဏီလိပ်စာနဲ့ ဆက်သွယ်ရန်လိပ်စာ ကိုမတွေ့ရပါဘူး။ ဖေ့စ်ဘွတ်စာမျက်နှာကတစ်ဆင့် စာပေးပို့မေးမြန်းထားပေမဲ့ ယခုသတင်းအချက်အလက် စိစစ်ချက်ပုံနှိပ်ဖော်ပြချိန်အထိ အကြောင်းပြန်ကြားခြင်းတော့ မရှိသေးပါဘူး။ Cardiovax အမည်နဲ့ အခြားသောဝက်ဘ်ဆိုဒ်အချို့လည်းတွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။ သို့သော်လည်း ကုမ္ပဏီရဲ့ တည်နေရာ၊ ဆက်သွယ်ရန်လိပ်စာတို့ကို ရှာမတွေ့ရပါဘူး။
အင်တာဗျူးရဲ့အဆုံးမှာဖော်ပြထားတဲ့ဆေးမှာယူရန်နေရာမှာ Fact Crescendo Myanmar အနေနဲ့ ဖုန်းနံပါတ် ဖြည့်သွင်းပြီး အမှာစာတင်သွင်းတဲ့အခါမှာတော့ ဆေးမှာထားတာကို ပို့ဆောင်လို့ရမယ်နေရာကို အမျိုးသမီး တစ်ဦးဆက်သွယ်မေးမြန်းလာပြီး ဆေးရောက်မှသာ ငွေပေးချေရမှာဖြစ်ကြောင်းပြောဆိုပါတယ်။ ဆေးထုတ်လုပ် တဲ့ နေရာနဲ့ ဆက်သွယ်ရန်လိပ်စာတို့ကိုမေးမြန်းရာမှာတော့ ပြောကြားခြင်းမရှိဘဲ ဦးကျော်သူမောင်ရဲ့ အင်တာဗျူး ကိုသာ ပြန်ဖတ်ဖို့ပြောကြားပြီး ဖုန်းချသွားခဲ့ပါတယ်။
သုံးသပ်ချက်
Cardiovax အမည်နဲ့ အမှန်တကယ်ဆေးဝါးကိုရောင်းချနေခြင်းဟုတ်မဟုတ်၊ လူတွေကို လှည့်စားဖို့အတွက် လုပ်ထားခြင်းဟုတ်မဟုတ်ကိုတော့ Fact Crescendo အနေနဲ့ အတည်မပြုနိုင်ပါဘူး။ သို့သော်လည်း မြန်မာနှလုံးပညာရှင် ဦးကျော်သူမောင်အဖြစ်ဖော်ပြထားတဲ့ ဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ ပြင်သစ်နိုင်ငံဖွား အမေရိကန်နိုင်ငံသား ရုရှားလူမျိုးရုပ်သံသတင်းသမား Vladimir Pozner Jr. ဖြစ်တာ တွေ့ရပါတယ်။

Title:Fact Check: Cardiovax နှလုံးဆေးသောက်တဲ့ ၁၀၉ နှစ်ရှိ မြန်မာနှလုံးပညာရှင် ဦးကျော်သူမောင်လား-မဟုတ်ပါ
Fact Check By: Nayar MaungResult: False