Fact Check: ရေသန့်ကို အပူပေး ကျိုချက်သောက်ရင် ကင်ဆာဖြစ်တယ်ဆိုတာ မဟုတ်ပါ

ကျန်းမာရေး၊ | Health

ရေသန့်ကို  အပူပေးကျိုချက်သောက်သုံးရင် ကင်ဆာရောဂါနဲ့ အခြားဝမ်းတွင်းအမြစ်ပွားနာများဖြစ်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျှက်ရှိပါတယ်။နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ 

အောက်ပါစာသားတွေကတော့ ပို့စ်ပါကောက်နှုတ်ချက်စာသားအချို့ဖြစ်ပါတယ်။ 

“ရေသန့်ကို …ထမင်းဟင်းချက်တဲ့ နေရာသုံးမိတယ် ။  ရေသန့်ကို ရေနွေးကျိုသောက်တာမဟုတ် ပဲ နေပူထဲချထားရင်တောင် ကင်ဆာဖြစ်ပါတယ် ။ ရေသန့်ဖြစ်ဖို့ ကလိုရင်းဆေးခပ်ရပါတယ် ။ ရေသန့်ထဲမှာ .. ထည့်ထားတဲ့ ကလိုရင်းဓာတ်အပူနဲ့  ထိတွေ့တဲ့အခါ ကလိုရိုဖောင်းဓာတ်အဖြစ် ပြောင်းလဲသွားပြီး ကြာရှည်အပူပေးသုံးစွဲ လာတဲ့အခါ – မအီမသာဖြစ်ခြင်း ၊ – ခေါင်းကိုက်ခြင်း ၊ – ပျို့အန်ခြင်း ၊- အမည်မဖော်နိုင်တဲ့ ရောဂါတွေဖြစ်လာခြင်းများဖြစ်ပေါ်လာပြီး ကင်ဆာဘက်ကို  နွယ်လာနိုင်တာမျိုး ဖြစ်နိုင်ချေများပါတယ် ။”

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

အပူပေးလိုက်လို့ ရေသန့်ထဲမှာပါတဲ့ ကလိုရိုဖောင်းက ပိုပြီးတော့ များပြားလာတယ် ဆိုတဲ့အထောက် အထားမရှိပါဘူး။ အမေရိကန် ပြည်သူ့ကျန်းမာရေးအမျိုးသားစာကြည်တိုက်ထဲမှာတွေ့ရတဲ့ မှတ်တမ်းအရ သောက်ရေသုံးရေကို ၁ မိနစ် အပူပေးလိုက်ရုံနဲ့ အနည်းဆုံး ကလိုရိုဖောင်း ၃၄ ရာခိုင်နှုန်းလျော့သွား တယ်လို့ဆိုပါတယ်။

မူရင်းလင်ခ့် – National Institute of HealthArchive link  

သိပ္ပံပညာရှင်တွေက ကလိုရင်းကို ရေသန့်စင်ဖို့အတွက် သုံးတဲ့အခါမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေလည်း ထွက်လာတယ်လို့ ပြောကြပါတယ်။အထူးသဖြင့် ထရိုင်ဟေလိုမီသိန်း(trihalomethane) သို့မဟုတ် ကလိုရိုဖောင်း(Chloroform)ဆိုတဲ့ ဒြပ်ပေါင်းဟာ ကင်ဆာဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ သို့ပေမဲ့ ပေါင်းများစွာ လေ့လာမှုတွေလုပ်ခဲ့ပေမဲ့ အစိုးရရေပေးဝေရေးလုပ်ငန်းတွေဆီလာတဲ့ ပိုက်ခေါင်းရေမှာ ဒီဒြပ်ပေါင်းပါဝင်မှုနှုန်းဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေခြင်းရှိတယ်မရှိဘူးဆိုပြီးတော့ အမျိုးမျိုးပြောကြတယ်လို့ New York Times သတင်းစာက ၂၀၀၆ ခုနှစ်မှာရေးသားပါတယ်။

အချို့ လေ့လာမှုတွေမှာ ရေထဲမှာပါဝင်တဲ့ ဒီဓာတ်ပေါင်းဟာ ကင်ဆာနဲ့ဆက်စပ်မှုကို တွေ့ရှိခဲ့ပါတယ်။ တစ်ချို့လေ့လာမှုတွေမှာတော့ မရှိဘူးလို့လည်း ဆိုပါတယ်။ ဒါပေမဲ့ ယုံကြည်စိတ်ချရဆုံးသောတွေ့ရှိချက် တွေအနေနဲ့ဆိုရင်တော့ ၁၉၉၂ ခုနှစ်၊ ၂၀၀၃ ခုနှစ်နဲ့ ၂၀၀၄ ခုနှစ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့်လုပ်ခဲ့တဲ့ သုတေသနသုံးခုမှာ ကလိုရင်းပါတဲ့ရေကို ရေရှည်သောက်သုံးရင် အထူးသဖြင့် အမျိုးသားတွေမှာ ဆီးအိမ်ကင်ဆာဖြစ်နှုန်း အနည်းငယ်တိုးလာစေတယ်ဆိုတာတွေ့ရပါတယ်။ အမေရိကန်မှာ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ကလိုရင်းဘေးထွက်ပစ္စည်းပါဝင်မှုနှုန်း စံသတ်မှတ်ချက်မရှိခင်တုန်းက လေ့လာချက်တွေ မှာတော့ ဒီလိုကင်ဆာဖြစ်စေတယ်ဆိုတာတွေ့နိုင်တယ်လို့လည်း ဒီဆောင်းပါးမှာဆိုပါတယ်။

မူရင်းလင်ခ့် – The New York TimesArchive link  

နောက်တစ်ချက်ကတော့ ပိုက်လိုင်းကနေ ရေပေးဝေရေးလုပ်ငန်းတွေမှာ ကလိုရင်းနဲ့ ရေသန့်စင်တဲ့ စနစ်ကို အသုံးပြုတာဖြစ်ပေမဲ့ သောက်ရေသန့်အဖြစ် ထုတ်လုပ်ရောင်းချနေတဲ့ ရေသန့်တွေဟာ ဒီလိုကလိုရင်းဆေး ခတ်ပြီးတော့ပဲ ရောင်းချနေတယ်ဆိုတာမျိုးမတွေ့ရှိရပါဘူး။ အမေရိကန် ကူးစက်ရောဂါထိန်းချုပ်ရေးဌာနရဲ့ အဆိုအရ ကလိုရိုဖောင်းဟာ ရေမှာပဲပါဝင်တာမဟုတ်ဘဲ လေထဲ အစားအသောက်ထဲလည်းပါဝင်နေပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

ရေသန့်ကို ကျိုချက်သောက်သုံးရင် သို့မဟုတ် အပူပေးရင် ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်တွေ ထွက်လာတယ်ဆိုတာ မဟုတ်ပါဘူး။ တကယ်တော့ အပူပေးခြင်းဟာ ရေထဲမှာပါတဲ့ ကင်ဆာဖြစ်စေတဲ့ ကလိုရိုဖောင်းလို ဒြပ်ပေါင်း တွေကို လျော့ချစေနိုင်တာတွေ့ရပါတယ်။ ကလိုရိုဖောင်းဟာ လေထဲမှာလည်းရှိနေသလို အစားအသောက် တွေထဲမှာလည်းပါဝင်ပါတယ်။

Avatar

Title:Fact Check: ရေသန့်ကို အပူပေး ကျိုချက်သောက်ရင် ကင်ဆာဖြစ်တယ်ဆိုတာ မဟုတ်ပါ

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *