Fact Check: အိန္ဒိယမှာ တန်ခိုးရှိတယ်လို့ ယူဆပြီး ပျံသန်းဖို့ ကြိုးစားရင်း ဟိန္ဒူ ဘုန်းတော်ကြီး တပါး ပြုတ်ကျသေဆုံးမှုလား- မဟုတ်ပါ

Missing Context နိုင်ငံတကာ၊ | International

အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒေ့ရှ်(Andhra Pradesh)ပြည်နယ်မှာ တန်ခိုးရှိပြီး ပျံသန်းနိုင်တယ်လို့ ယုံကြည်ခဲ့တဲ့ ဟိန္ဒူဘုန်းတော်ကြီး တပါး ပျံသန်းပွဲအခမ်းအနားမှာပဲ ကမ်းပါးက လိမ့်ကျသေဆုံးခဲ့တယ်ဆိုတဲ့ ပြောဆိုချက်နဲ့အတူ  ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်း နေတာတွေ့ရတယ်။နားလည်မှုလွဲစေနိုင်တဲ့ မှားယွင်းပြောဆိုမျှဝေမှုသာ ဖြစ်တယ်။  

ဘာသာရေးပွဲတခုလို့ ယူဆရတဲ့ ပွဲတခုကို ဟိန္ဒူဘုန်းတော်ကြီးတပါးက ယုံကြည်သူတွေနဲ့ ခြံရံလျက် တောင်စွန်း တခုမှာပြုလုပ်နေတာ ဒီဗွီဒီယိုထဲမှာ မြင်တွေ့ရပြီး မကြာခင်မှာပဲ ဘုန်းတော်ကြီးဟာ တောင်အောက်ကို ပြုတ်ကျသွားခဲ့တာတွေ့ရပါတယ်။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ Burma Insight အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတဲ့ ဒီပို့စ်ဟာ လက်ရှိအချိန်အထိ ပြန်လည်မျှဝေမှုပေါင်း ၁၃၀၀ ကျော်နဲ့ ကြည့်ရှု့မှုပေါင်း ၅ သိန်းဝန်းကျင်ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုကို  ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။

“အိန္ဒိယနိုင်ငံ အန္ဓြာပရဒေက်ရှ်ပြည်နယ်တွင် မိမိ၌ ဘုရားတန်ခိုးရှိ၍ ပျံသန်းနိုင်သည်ဟု ယုံကြည်ခဲ့သော ဟိန္ဒူဘုန်းတော်ကြီးတစ်ပါး ပျံသန်းပွဲအခမ်းအနားတွင် ကမ်းပါးမှ လိမ့်ကျသေဆုံးခဲ့သည်။”

Original link | Archive link

အချက်အလက်စိစစ်ချက်

အဓိကကျတဲ့ စကားလုံးတချို့နဲ့ ဗွီဒီယိုပါမြင်ကွင်းတွေကို ဓာတ်ပုံအဖြစ်ပြောင်းလဲပြီး Google မှာဗွီဒီယို ပျံ့နှံ့ခဲ့ပုံကို လေ့လာကြည့်ရာမှာ ဒီဗွီဒီယိုဟာ ၂၀၂၁ ခုနှစ်က ဖြစ်စဉ်တခုဖြစ်ပြီး လတ်တလော ပျံ့နှံ့နေတဲ့ ပြောဆိုချက် ဟာလည်းမှားယွင်းတာတွေ့ရပါတယ်။

အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒေ့ရှ်ပြည်နယ် အာနန္တပူရ(Anantapur)မြို့အနီး ဆင်းဂန်မာလာ(Singanamala)ရွာ ဂမ်ဘာ မာလိုင်း ဆွာမီ (Gampa Mallaiah Swamy)တောင်ကုန်းမှာ  ၂၀၂၁ ခုနှစ် သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့ တဲ့ ဒီဖြစ်စဉ်မှာ ဟိန္ဒူဘုန်းတော်ကြီးဟာ သူ့ကိုယ်သူ ပျံသန်းပြမယ်လို့ ကြွေးကြော်ပြသရင်း ပြုတ်ကျသေဆုံးခဲ့ တယ်လို့  အဲဒီအချိန်က သတင်းဖော်ပြချက်တွေမှာ မတွေ့ရပါဘူး။ (ဒီလင့်ခ်၊ ဒီလင့်ခ်တွေမှာ ကြည့်ပါ)။ 

အဲဒီအချိန်က ရဲတပ်ဖွဲ့ရဲ့သေမှုသေခင်းမှတ်တမ်းမှာလည်း ပျံသန်းဖို့ကြိုးစားရင် ဘုန်းတော်ကြီး ပြုတ်ကျသေဆုံးခဲ့ ရတဲ့ ဖော်ပြချက်အထောက်အထားမပါကြောင်းလည်း အိန္ဒိယအခြေစိုက် အချက်အလက်စိစစ်ရေးအဖွဲ့ Factly က အခုလိုမှားယွင်းပျံ့နှံ့လာတဲ့ ဗွီဒီယိုနဲ့ ပတ်သက်ပြီး ရေးသားပါတယ်။  ပါပါရ(Papayya)ဆိုတဲ့ ဘုန်းတော်ကြီးဟာ နောက်ထပ်ပွဲတခုအတွက် တောင်အောက်ကို ဆင်းစဉ်မှာ ပြုတ်ကျသေဆုံးခဲ့တာဖြစ်တယ်။ ဒီဟိန္ဒူဘုန်းတော်ကြီးရဲ့ အဘိုးဖြစ်သူဟာလည်း အဲဒီနေရာမှာ ပြုတ်ကျ သေဆုံးဖူးတယ်လို့ ရေးသားပါတယ်။

ဟိန္ဒူဘာသာရေးစာပေတွေမှာ “စိတ်”ကို သဘာဝလွန်ဖြစ်ရပ်ဖြစ်တဲ့ “ဈာန်”ရတာမျိုးအထိ လေ့ကျင်အောင်မြင်နိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေ အထင်အရှားရှိပေမဲ့ ဘုန်းတော်ကြီးတွေက ဒီလိုမျိုး လူရှေ့သူရှေ့မှာ သရုပ်ပြမယ်လို့ ကြွေးကြော်မှုဟာ အပြင်မှာ အလွန်ရှားပါးပြီး လူမှုကွန်ယက်မှာသာ မကြာခဏဆိုသလို  မှားယွင်းပြောဆို ပျံ့နှံ့တတ်တာတွေ့ရပါတယ်။ 

သုံးသပ်ချက်

ဗွီဒီယိုပါ ၂၀၂၁ ခုနှစ် သြဂုတ် ၂၁ ရက်က အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒေ့ရှ်ပြည်နယ်မှာ ဟိန္ဒူဘုန်းတော်ကြီးတပါး တောင်စောင်းကနေ ပြုတ်ကျသေဆုံးမှုဖြစ်စဉ်ဟာ မှန်ကန်ပေမဲ့  အဲဒီအချိန်က သတင်းဖော်ပြချက်တွေနဲ့ ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတွေအရ ယုံကြည်သူတွေကို ပျံသန်းနိုင်ကြောင်း ပြသရင်း ပြုတ်ကျခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ သူ့ဟာ တောင်အောက်က လှိုဏ်ဂူထဲကို ဝတ်ပြုဖို့ ဆင်းသွားစဉ်မှာ ခြေချော် ပြုတ်ကျ သေဆုံးခဲ့ခြင်းဖြစ်တာတွေ့ရပါတယ်။ 

Result Stamp

Title: Fact Check: အိန္ဒိယမှာ တန်ခိုးရှိတယ်လို့ ယူဆပြီး ပျံသန်းဖို့ ကြိုးစားရင်း ဟိန္ဒူ ဘုန်းတော်ကြီး တပါး ပြုတ်ကျသေဆုံးမှုလား- မဟုတ်ပါ

Fact Check By: နေရာမောင်

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *