ဒေါ်အောင်ဆန်းစုကြည်အပေါ်စွဲဆိုထားတဲ့ အမှုအားလုံး ပိတ်သိမ်းလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ ကြည့်ပါ။ ဗွီဒီယိုထဲ အသံဖိုင်နဲ့ ဖတ်ကြားမှုမှာလည်း ကာလရှည်ကြာ ထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အထိ ဘေးကင်းလုံခြုံစွာ ပြန်လည်ပို့ဆောင်ပေးတော့မယ်လို့ စစ်ကောင်စီရဲ့ အဓိက သတင်းပြန်ကြားရေး ဖြစ်တဲ့ မြန်မာ့ရုပ်မြင် သံကြား(MRTV) ကနေ တရားဝင် ကြေညာသွားခဲ့တယ်လို့ ဆိုထားတယ်။
သတင်းတု သာဖြစ်တယ်။။
ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ
“ဒေါ်စု အမှု အားလုံး ရုတ်သိမ်း
နိုင်ငံတကာရဲ့ ဖိအားကြောင့် အမေစု အမှုအားလုံး ပိတ်သိမ်းလိုက်ပြီ ၊ ပြည်သူ့အောင်ပွဲသတင်း လာပြီ”
အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit ”ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းမီဒီယာ တချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေနဲ့ လုပ်ကြံရေးသားပြောဆိုမှုတွေကို ရောနှောဖြန့်ချိလေ့ ရှိပါတယ်။ Fact Crescendo Myanmar ရဲ့အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။
ထပ်မံပြီး သတင်းတု ဗွီဒီယိုပါပြောဆိုချက်ကို ဆန်းစစ်ကြည့်ကြပါမယ်။
“မြန်မာနိုင်ငံရဲ့ လက်ရှိ အခင်းအကျင်းတွင် ပြည်သူလူထု တစ်ရက်လုံး လုံး အံ့အားသင့် ရင်ခုန်သွားစေမယ့် ထူးခြားဆန်းသစ်တဲ့ သတင်းထုတ်ပြန်ချက်တစ်ခု ယနေ့တွင် ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အဓိက သတင်းပျံကျဲဖြစ်တဲ့ မြန်မာ့ရုပ်မြင်သံကြားကနေ ကာလရှည်ကြာ ထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ယနေ့တွင် ၎င်းရဲ့ နေအိမ်အထိ ဘေးကင်းလုံခြုံစွာဖြင့် ပြန်လည်ပို့ဆောင်ပေးတော့မှာ ဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာ့ရုပ်မြင်သံကြားရဲ့ ယနေ့ အထူးသတင်းထုတ်ပြန်ချက်အရ တိုင်းပြည်တည်ငြိမ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အရေး အပြောင်းအလဲများကို ရှေးရှု၍ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ စွဲဆိုထားတဲ့ ပြစ်ဒဏ်များအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ပြီး ယနေ့အတွင်းမှာပဲ နေအိမ်သို့ အရောက် ပြန်လည်ပို့ဆောင်ပေးရန် စီစဉ်နေပြီ ဖြစ်ကြောင်း ဆိုထားခဲ့တာ ဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်ဟာ နေပြည်တော်အတွင်းမှ ထွက်ပေါ်နေတဲ့ စစ်ရေး၊ နိုင်ငံရေး ဖိအားများကြောင့် ဖြစ်ပြီး စစ်ကောင်စီအနေနဲ့ တိုင်းပြည်ရဲ့ အကျပ်အတည်းများကို လျှော့ချရန်အတွက် ယခုကဲ့သို့ တရားဝင် ထုတ်ဖော်ကြေညာလာခြင်း ဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြပါတယ်။ ယခုကဲ့သို့ မြန်မာ့ရုပ်မြင်သံကြားကနေ မျှသာရှိတဲ့ အရေးပေါ်သတင်းအဖြစ် တရားဝင် ကြေညာလိုက်တဲ့ ဖြစ်စဉ်တွေကြောင့် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုတစ်ရက်လုံးနဲ့ တော်လှန်ရေးအင်အားစုများ အကြား ဝမ်းသာမှုများနဲ့အတူ အထူးပဲ အုံအုံကြွက်ကြွက် ဖြစ်သွားခဲ့ရပြီး ဖြစ်ပါတယ်။”
ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာဖြစ်စေ ဒီလို ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတဲ့အကြောင်းဖြစ်စေ အမှုအားလုံးရုပ်သိမ်းပေးလိုက်တယ်ဆိုတာဖြစ်စေ ဖော်ပြချက် မတွေ့ရပါဘူး။ စစ်တပ်ထိန်းချုပ်ထားတဲ့ MRTV မှာလည်း ဖော်ပြချက်မရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီဆိုတဲ့ သတင်းတု ယူကျူ့ချန်နယ်တချို့က ရည်ရွယ်ချက်ရှိရှိ မကြာခဏ ဖြန့်ဝေနေပြီး Fact Crescendo Myanmar က အလက်စိစစ်ဖော်ပြခဲ့တာ ဒီလင်ခ့်မှာ တွေ့နိုင်ပါတယ်။
သုံးသပ်ချက်
“Yangon Khit Thit ”ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေနဲ့ လုပ်ကြံရေးသားဖြန့်ဝေမှုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲမှုအားလုံးရုပ်သိမ်းပေးတယ်ဆိုတာ မဟုတ်မှန်ပါဘူး။

