
ဝရမ်းပြေးအဖြစ်တစ်နှစ်ကျော်လောက်တိမ်းရှောင်နေသောဦးဝီရသူက ပြီးခဲ့တဲ့ရက်ပိုင်းက ရဲတပ်ဖွဲ့ထံ လာရောက်အဖမ်းခံပြီးနောက်မှာတော့ ရှပ်အင်္ကျီဝတ်ဆင်ထားပြီး လက်ထိတ်ခတ်ခံထားရတဲ့လက်ကို မြှောက်ပြနေတဲ့ ဦးဝီရသူရဲ့ပုံဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေတာတွေ့ရပါတယ်။
ဒီပုံကို “ဝရမ်းပြေးနေတဲ့ အမျိုးသားရေးအစွန်းရောက် ဆရာတော်ဝီရသူ ရဲတပ်ဖွဲ့သို့ လာရောက်အဖမ်းခံ” “ဝရမ်းအထုပ်ခံ ရဟန်းယုတ် ဝီရသူတော့ အမှန်နန်းစံဘို့ ပြန်လှမ်းလာပီ …။ ကံပဲစမ်းသလားအကြံပဲလှမ်းသလား ညဏ်ပဲနွမ်းလို့ အကြံကုံလို့ဂဠုန်ပဲဆားချက်သလား အမှားပဲကိုဦးတည်ပြီး အရူးတွေတော့အပြောကြွယ် ဘာသာ သာသနာဆိုပြီ မကြာခင်အော်ကြတော့မယ်။….”စသဖြင့် အညွှန်းအမျိုးမျိုးတပ်ပြီး ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

မူရင်းလင့်ခ် – FB Link | Archive Link
အချက်အလက်စိစစ်ချက်
ဒီပုံဟာ Photoshopနဲ့ပြုပြင်ထားတဲ့ပုံဖြစ်ပါတယ်။ ဘာကြောင့်ပြောနိုင်သလဲဆိုရင် ဒီပုံနဲ့အလားတူပုံမျိုးကို ၂၀၁၉ခုနစ်ကလည်း “ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်ကို ဖမ်းဆီးလိုက်ပြီ”ဆိုတဲ့ သတင်းအမှားမှာလည်း အသုံးပြုထားကြောင်းကို အချက်အလက်စစ်ဆေးတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ “ဟုတ်တယ် Vs မဟုတ်ဘူး”ကလည်း စစ်ဆေးထားတာကိုတွေ့ရပါတယ်။
ဒီပုံကို Googleမှာ ပုံရှာနည်းနဲ့ရှာမယ်ဆိုရင်တော့ မူရင်းပုံဟာ ၂၀၁၇ခုနစ်က ပြည်တွင်မီဒီယာတစ်ခုဖြစ်တဲ့ DVBသတင်းဌာနရဲ့ “ရခိုင်လူငယ်အဖွဲ့ခေါင်းဆောင် တဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့်ဖမ်းဆီး”ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းမှာအသုံးပြုထားတဲ့ပုံဖြစ်ပြီး ရခိုင်လူငယ်အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ ကိုဖိုးသားကို ဖမ်းဆီးခဲ့တုန်းက ပုံဖြစ်ပါတယ်။

မူရင်းလင့်ခ် – Web Link | Archive Link
အောက်ပါပုံနှစ်ပုံကို နှိုင်းယှဉ်လေ့လာနိုင်ပါတယ်။ ဘယ်ဘက်ပုံမှာ လတ်တလောလာရောက်အဖမ်းခံခဲ့တဲ့ ဦးဝီရသူဖြစ်ပြီး ညာပုံမှာ မူရင်းပုံ ကိုဖိုးသားရဲ့ပုံဖြစ်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ရှပ်အင်္ကျီဝတ်ထားပြီး လက်ထိတ်ခတ်ခံထားရတဲ့လက်ကို မြှောက်ပြထားတဲ့ ဦးဝီရသူရဲ့ပုံဟာ အစစ်မဟုတ်ပဲ ပြုပြင်ထားတဲ့ပုံဖြစ်တာကိုတွေ့ရပါတယ်။

Title:ရှပ်အင်္ကျီဝတ်ထားပြီး လက်ထိတ်ခတ်ခံထားရတဲ့လက်ကို မြှောက်ပြထားတဲ့ ဦးဝီရသူရဲ့ ပုံအမှား
Fact Check By: Lynn YuResult: Altered