မြန်မာစစ်သံမှူးတွေကို အာဆီယံက ဖမ်းဆီးလိုက်ပြီး ဘုံသဘောတူညီချက်တွေ မလိုက်နာလို့ မြန်မာကို အာဆီယံအဖွဲ့တွင်းကနေလည်း နှင်ထုတ်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု သာဖြစ်တယ်။။
ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။
“မြန်မာ စစ်သံမှူးတွေ အာဆီယံ ဖမ်းဆီး
ဘုံသဘောတူညီချက် မလိုက်နာလို့ မြန်မာကို အာဆီယံမှ နှင်ထုတ် ၊
သံရုံးအရာရှိတွေ အကုန်ဖမ်းဆီး ၊ပွဲဆူနေပြီ”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit ”ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းမီဒီယာ တချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေနဲ့ လုပ်ကြံရေးသားပြောဆိုမှုတွေကို ရောနှောဖြန့်ချိလေ့ ရှိပါတယ်။ Fact Crescendo Myanmar ရဲ့အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။
မြန်မာအရေးနဲ့ပတ်သက်ရင် နေပြည်တော်သမ္မတတဖြစ်လဲ အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ၂၀၂၁ ခုနှစ် ဧပြီမှာ သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်ကိုင်စွဲထားပါတယ်။ ဒီအဖွဲ့ဟာ သဘောတူညီချက်တွေကို အကောင်အထည်ဖော်နိုင်ခြင်းမရှိတဲ့နောက် မြန်မာစစ်ခေါင်းဆောင်ဟောင်းကို အဖွဲ့တွင်း ခေါင်းဆောင်တွေ တက်ရောက်ရတဲ့ အစည်းအဝေးတိုင်းမှာ တက်ခွင့်မပေးဘဲ ချန်လှပ်ခဲ့ပါတယ်။
အတိုချုပ်ပြောရရင် ဒီအရေးယူမှုကို အာဆီယံဘက်က ဆက်လက်ကျင့်သုံးနေဆဲဖြစ်သလို နေပြည်တော်အစိုးရက လည်း ရွေးကောက်ပွဲပြီးသည့်တိုင်အောင် ပျော့ပြောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုမပြပါဘူး။ အာဏာသိမ်းပြီး ကတည်းက ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မကြာသေခင်ကအထိ အာဆီယံက ကိုယ်စားလှယ်တွေနဲ့ တွေ့ခွင့်မပေးခဲ့တာတွေ့ရတယ်။
အတုအယောင် ရွေးကောက်ပွဲနဲ့တက်လာတဲ့ စစ်တပ်ခန့် အစိုးရကို ပိုမိုအသိအမှတ်ပြုထိတွေ့ဖို့ ထိုင်းအပါအဝင် နိုင်ငံတချို့ လော်ဘီလုပ်နေပေမဲ့ အာဆီယံက စစ်အစိုးရ ထပ်မံအရေးယူတာ ဒါမှမဟုတ် ပိုမိုအသိအမှတ်ပြုတာ မျိုးမရှိသေးပါဘူး။
ဒီအပြင် အာဆီယံအရေးယူမှုဆိုတဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေဟာ “Breaking Brainwashed” ချန်နယ်မှာ CDM ဗိုလ်ကြီးထက်မြတ်ရဲ့ သတင်းသုံးသပ်ချက် ဗွီဒီယိုဟောင်းတွေကို အသံဖိုင် ပြန်လည် ထုတ်နုတ်ပြီး ပြန်လည်မျှဝေထားခြင်းဖြစ်တယ်။
သုံးသပ်ချက်
“Yangon Khit Thit ”ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေနဲ့ လုပ်ကြံရေးသားဖြန့်ဝေမှုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ဘုံသဘောတူညီချက်တွေ မလိုက်နာလို့ မြန်မာကို အာဆီယံအဖွဲ့တွင်းကနေလည်း နှင်ထုတ်လိုက်ပြီဆိုတာမဟုတ် မှန် သလို မြန်မာစစ်သံမှူးတွေကို အာဆီယံက ဖမ်းဆီးလိုက်တယ်ဆိုလည်း မဟုတ်ပါဘူး။

