Fact Check: ဦးသန်းဌေးကို ပဲခူးမြို့က ကြိုဆိုတဲ့ ဆိုင်းဘုတ်လား- မဟုတ်ပါ

False နိုင်ငံရေး | Politics

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွဲ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးကို ပဲခူးမြို့က ဝန်းရံပြည်သူတွေက ကြိုဆိုကြောင်း ဦးသန်းဌေးပုံနဲ့ ဆိုင်ဘုတ်ထောင်ထားတဲ့ ဓာတ်ပုံပို့စ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ပြန်လည်မျှဝေတာ၊ ပြန်လည်ကူးယူဖော်ပြနေတာတွေ့ရပါတယ်။

ဒီပုံကို “ဒီပိုစတာလေးတွေ့တော့… ရင်ထဲမှာကြည်နူးမိတယ်…. ပဲခူးက မျိုးချစ်လူငယ်တွေကိုလည်း ကျေးဇူးတင်မိတယ်… သူတို့လေးတွေ အရဲစွန့်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်လိုက်တာလို့ မြင်မိပါတယ် အရမ်းကြီးလည်း အရဲမစွန့်ကြပါနဲ့ တောသားတွေ ရန်ရှာလိမ့်မယ်”လို့ အညွန်းတက်ထားတာ တွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာမျှဝေ ထားတာကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

ဒီပုံနဲ့ပတ်သက်ပြီး အချက်အလက်စစ်ဆေးကြည့်မယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်လောက်အောင် အနိုင်မရရှိခဲ့တာကြောင့် ဆိုင်းဘုတ်မှာရေးထားတဲ့ စာသားအရ ဒီပုံဟာ တစ်ခုခုလွဲမှားနေတာကို သတိပြုမိမှာပါ၊ ဒါ့ကြောင့် ဒီပုံကို Googleမှာ ပုံတူရှာနည်းကို အသုံးပြုပြီးရှာမယ်ဆိုရင်တော့ ဒီဆိုင်းဘုတ်ထောင်းထားတဲ့ပုံဟာ မူရင်းပုံအစစ်မဟုတ်ပဲ Photo Shopနဲ့ ပြုပြင်ထားတဲ့ ပုံဖြစ်ပါတယ်။

 မူရင်းပုံကတော့ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ သူမရဲ့ အစိုးရအဖွဲ့သစ်ကို ပဲခူးမြို့ပြည်သူတွေက ထောက်ခံကြောင်းပြသထားတဲ့ ဆိုင်ဘုတ်ဖြစ်တာကိုတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ ဆိုင်းဘုတ်ပုံကို “Vote NLD”ဆိုတဲ့ ဖေ့စ်ဘွတ်ခ် ပေ့ချ်က ဇန်နဝါရီ ၂၄ရက်နေ့က ပို့စ်တင်ထားတာတွေ့ရပါပြီး ဦးသန်းဌေးပုံနဲ့ ဆိုင်းဘုတ်ပုံကတော့ မူရင်းပုံထက် တစ်ရက်နောက်ကျပြီး ဇန်နဝါရီ ၂၅ရက်နေ့မှ ပို့စ်တင်ထားတာဖြစ်ပါတယ်။

https://www.facebook.com/votenldparty/photos/pcb.2064756143655937/2064755996989285

မူရင်းလင်ခ့် – Fb link  |  Archive link

ဒါ့အပြင် ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ စံတော်ချိန်သတင်းဌာနကလည်း ဒေါ်အောင်ဆန်းစုကြည် အစိုးရသစ်ကို ထောက်ခံတဲ့ ဆိုင်းဘုတ်တွေမြို့နယ်တချို့မှာ ပြုလုပ်လာတာနဲ့ ပတ်သက်ပြီး “အမေစုဦးဆောင်သည့် အစိုးရသစ်အား ကြိုဆိုထောက်ခံပွဲများကျင်းပ”ဆိုတဲ့ ခေါင်းစဉ်းနဲ့ သတင်းဖော်ပြခဲ့ပါတယ်။ ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

မူရင်းပုံနဲ့ ပြန်လည်ပြုပြင်ထားတဲ့ပုံကို အောက်ပါအတိုင်းနှိုင်းယှဉ်လေ့လာနိုင်ပါတယ်။

သုံသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဦးသန်းဌေးကို ပဲခူးမြို့နေပြည်သူတွေက ကြိုဆိုတယ်ဆိုတဲ့ ဆိုင်းဘုတ်ဟာ photoshopနဲ့ ပြုပြင်ထားတဲ့ ပုံဖြစ်တာကိုတွေ့ရပါတယ်။ မူရင်းပုံကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအဖွဲ့သစ်ကို ပဲခူးမြို့ပြည်သူတွေက ကြိုဆိုကြောင်းပြသထားတဲ့ ဆိုင်းဘုတ်ဖြစ်ပါတယ်။

Avatar

Title:Fact Check: ဦးသန်းဌေးကို ပဲခူးမြို့က ကြိုဆိုတဲ့ ဆိုင်းဘုတ်လား- မဟုတ်ပါ

Fact Check By: Lynn Yu 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *