Fact Check: အာဏာသိမ်း ၃ နှစ်ပြည့် အသံတိတ်သပိတ် မအောင်မမြင်ဖြစ်ခဲ့ပြီး ပုံဟောင်းတွေကို မီဒီယာတွေက ပြန်သုံးခဲ့ရဆိုတဲ့ သတင်းမှားပျံ့နှံ့

False နိုင်ငံရေး၊

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု ၃ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းမှုဆန့်ကျင်တဲ့အနေနဲ့ ပြုလုပ်တဲ့ အသံတိတ်သပိတ်လှုပ်ရှားမှုမှာ လူထုပါဝင်မှုနည်းတာကြောင့် မီဒီယာတွေအနေနဲ့ ဓာတ်ပုံဟောင်း တွေပဲ ပြန်လည်ဖော်ပြခဲ့ကြရတယ်လို့ RFA Burmese သတင်းမှာဖော်ပြခဲ့တယ်လို့ ဆိုထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်နဲ့ တယ်လီဂရမ်အကောင့်တွေမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ လုပ်ကြံဖန်တီးထားတဲ့ သတင်းတုတခု သာဖြစ်တယ်။ 

၃ နှစ်ပြည့် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း အပြင်မထွက်ခြင်းအားဖြင့် ဆန္ဒပြကြဖို့ ‌တော်လှန်ရေးအင်အားစုတွေဘက်က ‌ဆော်ဩခဲ့ကြပြီး လူထုပါဝင်မှုရှိတာကို ပြသတဲ့အနေနဲ့ အသွားအလာကင်းမဲ့နေတဲ့ လမ်းမတွေပုံကို‌ ဖော်ပြကြပါတယ်။ တချိန်ထဲမှာပဲ စစ်တပ်ဝါဒဖြန့်ချိရေးသမားတွေကတော့ မြို့ပြကြီးတွေမှာ ပုံမှန်အတိုင်း စည်ကားနေပုံဆိုပြီး ဓာတ်ပုံတွေကို တန်ပြန်အနေနဲ့ ဖော်ခဲ့ကြသလို အဲဒီနေ့ကပိတ်ထားတဲ့ လုပ်ငန်းနဲ့ ဆိုင်တွေကို အကြမ်းဖက်မှု ဥပဒေနဲ့ ဖမ်းဆီးဖို့အထိ လှုံဆော်ခဲ့ကြပြီး အရေးယူခဲ့တာလည်းတွေ့ရပါတယ်။ 

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလိုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

“တော်သေးတာပေါ့😏

ကိုဗစ်ပုံတွေ ထပ်ပါမလာတာပဲ ကျေးဇူးတင်ရမယ်

မဟုတ်ရင် ၃ နှစ်ဆက်တိုက် ဒီပုံတွေပဲ ကြည့်နေ

ရဦးမှာ”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

လွတ်လပ်တဲ့ အာရှအသံ မြန်မာပိုင်း(RFA Burmese)ရဲ့ သတင်းဖော်ပြချက်တွေကို ဖေ့စ်ဘွတ်ရဲ့ ဒီလင့်ခ်နဲ့ အိက်စ်(X)ရဲ့ ဒီလင့်ခ်တွေမှာကြည့်နိုင်ပါတယ်။ ဖော်ပြထားတဲ့ ဓာတ်ပုံအရ RFA Burmese ရဲ့ အိက်စ်အကောင့်က ဖော်ပြချက်အနေနဲ့ ဖော်ပြထားတာတွေ့ရပါတယ်။ RFA Burmese ရဲ့ အိက်စ်အကောင့်မှာလည်း ဒီလိုဖော်ပြချက်မတွေ့ရပါဘူး။ အောက်ပါစခရင်ရှော့ကတော့ RFA Burmese ရဲ့ အိက်စ်အကောင့်မှာဖော်ပြ ထားတဲ့ အသံတိတ်သပိတ်မြင်ကွင်း ဓာတ်ပုံတွေအဖြစ်ဖော်ပြချက်ဖြစ်တယ်။ အဲဒီနောက်မှာ အသံတိတ်သပိတ် အကြောင်းကို ဆောင်းပါးတပုဒ်ဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီလင့်ခ်မှာ ဖတ်ပါ။

ဒီအပြင် စစ်တပ်ဝါဒဖြန့်ချိသူတွေ ဖြန့်ဝေထားတဲ့ စခရင်ရှော့ထဲမှာ “မြန်မာနိုင်ငံလုံးဆိုင်ရာ နွေဦးတံဆိပ်ရိုက်လုပ်ငန်းရှင်များသမဂ္ဂမှ ကိုထွန်းဝေလင်း”က ဒီလို မီဒီယာတွေက ဓာတ်ပုံဟောင်းတွေပဲ အသုံးပြုနေတဲ့အကြောင်းပြောတယ်လို့ဆိုပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေဘက်မှာ ဒီလိုနာမည်မျိုးနဲ့ သမဂ္ဂတခုရှိနေတယ်ဆိုတဲ့ အထောက်အထားမျိုး Fact Crescendo Myanmar အနေနဲ့ မတွေ့ရပါ။ 

သုံးသပ်ချက်

စစ်တပ်အာဏာသိမ်းမှု ၃ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းမှုဆန့်ကျင်တဲ့အနေနဲ့ ပြုလုပ်တဲ့ အသံတိတ်သပိတ်လှုပ်ရှားမှုမှာ လူထုပါဝင်မှုမရှိသယောင်၊ ပုံမှန်ပဲဖြစ်နေသယောင်နဲ့ စစ်တပ်ထောက်ခံသူ တွေဘက်က တန်ပြန်ဝါဒဖြန့်မှုတခုသာဖြစ်တယ်။ RFA Burmese က အခုလို သတင်း‌ဖော်ပြခဲ့ခြင်းမရှိသလို လူထုပါဝင်မှုနည်းလို့ မီဒီယာတွေမှာ အရင်နှစ်က ပုံဟောင်းတွေကိုပဲ ပြန်သုံးခဲ့ရတယ်ဆိုတာ မဟုတ်ပါဘူး။ 

Avatar

Title:Fact Check: အာဏာသိမ်း ၃ နှစ်ပြည့် အသံတိတ်သပိတ် မအောင်မမြင်ဖြစ်ခဲ့ပြီး ပုံဟောင်းတွေကို မီဒီယာတွေက ပြန်သုံးခဲ့ရဆိုတဲ့ သတင်းမှားပျံ့နှံ့

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *