ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာကြက်ခြေနီ အဖွဲ့(ICRC)နဲ့ တွေ့ခွင့်ပေးခဲ့ ကြောင်း နေပြည်တော် စစ်အစိုးရက သတင်းထုတ်ပြန်ခဲ့အပြီးမှာ လူမှုကွန်ယက်မှာ ဒီအကြောင်းအရာ ဟာ ပျံ့နှံ့မှုအလွန်အားကောင်းခဲ့ပြီး ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေနဲ့အတူ ဉာဏ်ရည်တု နည်းပညာ(AI) အသုံးပြုဖန်တီးထားတဲ့ ဓာတ်ပုံနဲ့ ဗွီဒီယိုတွေလည်း ရောနှော ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။
ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ နာလည်းမှုလွဲစေနိုင်တဲ့ AI နဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံနဲ့ စာသားကောက် နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရတယ်။
“အမေစု နေကောင်းကျန်းမာနေတယ်ဆိုတဲ့အသိနဲ့တင် စိတ်ခွန်အားဖြစ်ပီး တကယ် အားဖြစ်စေတယ် အမေစုကတော့ လှမြဲပမြဲ နုပျိုဆဲပါဗျာ အမေစု သက်တော်ရာကျော် ရှည်ပါစေ အချုပ်အနှောင်မှ ချက်ချင်းအမြန်ဆုံး လွှတ်မြောက်ပါစေ🙏🙏🙏 #Freeourleaders #AungSanSuuKyi”

နောက်ထပ် ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံတပုံကတော့ ဒေါ်အောင်ဆန်းစုကြည်တယောက်ထဲ ထိုင်နေတဲ့ မျက်နှာ အနီးကပ်မြင်ကွင်းနဲ့ ပြုံးရယ်နေတဲ့ ဓာတ်ပုံဖြစ်တယ်။

အချက်အလက်စိစစ်ချက်
ဒေါ်အောင်ဆန်းစုကြည်ကို ICRC မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးခဲ့ ကြောင်း နေပြည်တော် စစ်အစိုးရ သတင်းထုတ်ပြန်ချက်ကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။ နေပြည်တော်က မူလထုတ်ပြန်ချက်မှာ ဓာတ်ပုံ ၄ ပုံပါဝင်ပြီး ၂ ပုံဟာ ဒေါ်အောင်ဆန်းစုကြည် ICRC ကိုယ်စားလှယ်နဲ့ လက်ဆွဲနှုတ်ဆက်နေပုံနဲ့ ထိုင်ပြီး စကားပြောနေပုံဖြစ်တယ်။ ကျန် ၂ ပုံဟာ စစ်အစိုးရက အကျဉ်းရုံးလုပ်ပေးဟန်ရှိတဲ့ ၈၁ နှစ်ပြည့်မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကိတ်ခွဲနေတဲ့ဓာတ်ပုံနဲ့ မွေးနေ့ကိတ်ဓာတ်ပုံဖြစ်တယ်။

နောက်ဆက်တွဲ ပျံ့နှံ့လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တို့ နှစ်ယောက်ယှဉ်တွဲ ရိုက်ကူးထားပြီး ကင်မရာကို မျက်နှာမူကာ ပြုံးနေကြတဲ့ ဓာတ်ပုံဟာ Google AI ကိုအသုံးပြုပြီး ဉာဏ်ရည်တုနည်းပညာနဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ မူလဓာတ်ပုံမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ထမီအနက်ပြောင်ကို ဝတ်ဆင်ထားပြီး AI နဲ့ ပြုပြင်မှုမှာတော့ ထမီမှာ အဖြူရောင် ကန့်လန့်ဖြတ် ချိတ်လိုင်းတွေ ပါနေတာတွေ့ရပါတယ်။

နောက်ထပ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာ အနီးကပ်မြင်ကွင်းနဲ့ ပြုံးရယ်နေတဲ့ ဓာတ်ပုံဟာလည်း OpenAI ရဲ့ AI တမျိုးမျိုးကို အသုံးပြုပြီး မူလထုတ်ပြန်ကို အသုံးပြုကာ နောက်ဆက်တွဲ ဖန်တီးထားခြင်းဖြစ်တာတွေ့ရတယ်။ မူလထုတ်ပြန်ချက် ဓာတ်ပုံတွေဟာ အရည်အသွေးနိမ့်လို့ ဒီဂျစ်တယ်နည်းလမ်းနဲ့ချဲ့ကားကြည့်သည့်တိုင် ဝေဝါးနေပြီး ပြုံးနေသလားဆိုတာ မသေချာပါဘူး။

သုံးသပ်ချက်
ဒေါ်အောင်ဆန်းစုကြည် ICRC ကိုယ်စားလှယ်ကို လက်ဆွဲနှုတ်ဆက်နေပုံနဲ့ ထိုင်ပြီး စကားပြောနေပုံ ဓာတ်ပုံ ၂ ပုံသာ နေပြည်တော်က မူလထုတ်ပြန်ချက်မှာ ပါဝင်ပြီး တခြားသော ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေဟာ AI နဲ့ပြုလုပ်ထားခြင်းဖြစ်တာတွေ့ရတယ်။

