
ဒီမိုကရေစီအရေးလှုပ်ရှားသူတစ်ဦး တပ်ထောက်ခံပွဲလာသူတွေရဲ့ အကြမ်းဖက်ခံရတာကို တပ်ထောက်ခံပွဲ လာသူတစ်ဦးအကြမ်းဖက်ခံရမှုအဖြစ်မျှဝေထားတဲ့ ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့ပါတယ်။
“တပ်မတော်ထောက်ခံပွဲလာသူတဦးကို နီပိန်းလူမိုက်တစုမှဓါးနဲ့ထိုးတဲ့VIDEOပါ”လို့ရေးသားပြီး “စိမ်းနီမှာ ငါ့အဖြေက”အမည်နဲ့ဖေ့စ်ဘွတ်အကောင့်က မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
ဒီဖြစ်စဉ်ကို အခြားသော ရှု့ထောင့်က ရိုက်ကူးထားတဲ့ ဗွီဒီယိုကို “ယနေ့ ရန်ကုန် တပ်မတော်ထောက်ခံပွဲ တပ်မတော်ထောက်ခံသူတစ်ဦး ဓားထိုးခံရသော ရုပ်သံဖိုင် ထွက်ပေါ်လာ
၂၅. ဖေဖော်ဝါရီလ. ၂၀၂၁
#ပြည်သူ့ပုံရိပ်မီဒီယာ #အကြမ်းဖက်ခံရ”လို့ ရေးသားပြီး ” ပြည်သူ့ပုံရိပ်မီဒီယာ” အမည်နဲ့ဖေ့စ်ဘွတ် စာမျက်နှာက မျှဝေထားပါတယ်။
အချက်အလက်စိစစ်ချက်
“စိမ်းနီမှာ ငါ့အဖြေက”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက တင်းထားတဲ့ ဗွီဒီယိုကို သတင်းဌာနတစ်ခုဖြစ်တဲ့ RFA Burmese က ” တပ်ထောက်ခံသူတွေ အကြမ်းဖက် ဓားနဲ့ဝင်ထိုး”လို့ ခေါင်းစဉ်တပ်မျှဝေထားပြီး ဖြစ်စဉ်ကို အောက်ပါအတိုင်းရေးသားဖော်ပြထားပါတယ်။
” ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ဒီနေ့နံနက်ပိုင်းက ရန်ကုန် ဆူးလေရှန်ဂရီလာဟိုတယ်နားမှာ ဆန္ဒပြနေကြတဲ့ အာဏာသိမ်း စစ်တပ်ကို ထောက်ခံသူလူတစုဟာ လမ်းသွားလမ်းဟာ ပြည်သူတစ်ဦးကို ဓားနဲ့ဝင်ထိုးပြီး အုပ်စုဖွဲ့ရိုက်နှက်ခဲ့တာ ဖြစ်ပါတယ်။ ဟိုတယ်လုံခြုံရေးကင်မရာက ရရှိတဲ့ ဒီဗီဒီယိုမှတ်တမ်းထဲမှာ လူတဦး ဝမ်းဗိုက် ဓားထိုးခံလိုက်ရတာကို တွေ့ရပါတယ်။ ဗီဒီယိုမှာ စိတ်မချမ်းမြေ့စရာ ပုံရိပ်များပါဝင်နေတာကို ကြိုတင်အသိပေးပါတယ်။”လို့ရေးသားပြီး မျှဝေထားပါတယ်။
မူရင်းလင်ခ့် – RFA Burmese | Archive link
ဖေဖော်ဝါရီ ၂၅ ရက်က တပ်ထောက်ခံသူတွေဟာ ဒုတ်၊ဓား၊လေးခွစတဲ့ လက်နက်တွေအသုံးပြုပြီး ပတ်ဝန်း ကျင်က လူတွေကို တိုက်ခိုက်ခဲ့တာကို အခြားသော သတင်းဌာနတွေကလည်း ဖော်ပြထားတာ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဒီမိုကရေစီအရေးလှုပ်ရှားသူတစ်ဦး တပ်ထောက်ခံပွဲလာသူတွေရဲ့ အကြမ်းဖက်ခံရခြင်းဖြစ်တာတွေ့ရပါတယ်။

Title:တပ်ထောက်ခံသူတွေက အကြမ်းဖက်မှုကို တပ်ထောက်ခံသူ အကြမ်းဖက်ခံရမှုအဖြစ်မျှဝေ
Fact Check By: Nayar MaungResult: False