Fact Check: – မဘိမ်းတမြို့နယ်ထဲမှာပဲ မှတ်ပုံတင်မထားသူ ၃ သိန်းဝန်းကျင် မဲပေးခဲ့တယ်လို့ သတင်းမှားဖြန့်ဝေ

False နိုင်ငံရေး | Politics

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဘိမ်းတမြို့နယ်တစ်ခုထဲမှာပဲ မှတ်ပုံတင်မထားသူ သို့မဟုတ် အထောက်အထားမရှိသူ (၃)သိန်း နီးပါးကို မဲပေးခွင့်ပြုခဲ့တယ်လို့ ရေးသားလျက် ပို့စ်တစ်ခု လူမှုကွန်ယက်မှာ မျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားပါတယ်။

Radio Free Myanmar လို့ အမှတ်တံဆိပ်တပ်လျက် ရေးသားမျှဝေထားတဲ့ ဒီပို့စ်မှာ မဘိမ်းမြို့နယ်တစ်ခုထဲမှာပဲ မှတ်ပုံတင် သို့မဟုတ် အထောက်အထားမဲ့သူပေါင်း (၂၈၉၉၃၂)ဦး မဲပေးခွင့်ပြုခဲ့ပြီး  ဒီဖြစ်စဉ်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်(NLD) ပါတီအား နိုင်ငံတော်အချုပ်အခြာ အာဏာကို မတရားသောနည်းဖြင့် ရယူနိုင်ရန် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)ကပြုလုပ်ပေးခဲ့တဲ့ ရာဇဝတ်မှုတွေထဲက တစ်ခု ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။ 

ပို့စ်ပါအကြောင်းအရာဟာ သတင်းတုသတင်းမှားသာဖြစ်ပါတယ်။ မဘိမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပေးပိုင်ခွင့်ရှိ သူ  ၃ သောင်းကျော်ပဲရှိပြီး ၂ သောင်း ၆ ထောင်ကျော်က မဲပေးခဲ့ကြောင်း  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ထားတာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။

လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါ တယ်။တူညီစွာရေးသားမျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာ မှာတွေ့ရပါတယ်။

“မဘိမ်းတမြို့နယ်ထဲမှာ

မှတ်ပုံတင်မရှိသူ(၃)သိန်း

နီးပါးကိုမဲစာရင်းမှာထည့်ခဲ့

(၂၉နိုဝင်္ဘာ၂၀၂၀)

NLD ပါတီသည် နိုင်ငံတော်၏ အချုပ်အခြာ

အာဏာကို မတရားသောနည်းဖြင့် ရယူရန်

NLD ပါတီအတွက် UEC ကပြုလုပ်ပေးခဲ့သည့်

ရာဇဝတ်မှု့ကြီးများကို PEMG က RFM သို့ပေး

ပို့လာသည်။

၎င်းအထဲတွင်မဘိမ်းမြို့နယ်တစ်ခုထဲတွင် မှတ်ပုံ

တင်အ ထောက်အထားမဲ့သူပေါင်း (၂၈၉၉၃၂)ဦး

မဲပေးခွင့်ပြုခဲ့ သည်ကိုတွေ့ရှိရသည်။

“ဒီလောက်များတဲ့လူတွေကို ထည့်သွားတာ UEC ဖြေရှင်းရပါလိမ့်မယ်။ဒီလူတွေက နိုင်ငံသားစစ်စစ်

ဟုတ်ရဲ့လားဆိုတာလည်းဘယ်သူမှမသိဘူး။

ဒါကိုရည်ရွယ်ချက်ရှိရှိနဲ့မှတ်ပုံတင် မရှိလည်းမဲပေး

ခွင့်ရတယ်ဆိုပြီးအာဏာကိုအလွဲသုံးစားလုပ် တာဖြစ်တယ်။မဲဆန္ဒရှင်ဦးရေရဲ့ ၂၀% ကျော်ကို ဒီမြို့လေးမှာလာထည့်သွားတာ။နိုဘယ်ဆုရှင်ဆို

တဲ့အရပ်သားဒီမိုကရေ စီဆိုတာ ဒါမျိုးလားဆိုတာ ပြောနေကြဘီ။ကျွန်တော်တို့ ကတော့သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တရားစွဲလို့ရ အောင်ပေးပို့သွား

မယ်လို့ PEMG ရဲ့လက်ထောက်ဒါရိုက်တာ ဦးအောင်

မြင့်က RFM သို့ပြောကြားသွားပါတယ်။

UEC ၏ထုတ်ပြန်ချက်အရ မဘိမ်းမြို့နယ်တစ်ခု

ထဲတွင် မဲ ပေးပိုင်ခွင့်ရှိသူဦးရေ (၁၄၄၅၁၆၈)ဦး

ရှိသည်ဟုဖော်ပြဖားရာလက်ရှိလူဦးရေထက်အဆ

မတန်များနေသည်ဟုဆိုကြသည်။”လို့ ရေးသားလျက် “မဉ္ဇူသက်ထား”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ 

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

Radio Free Myanmar  အတိုခေါက်အားဖြင့် (RFM) မြန်မာလိုအားဖြင့် “လွတ်လပ်တဲ့မြန်မာ့အသံ” ဆိုတဲ့  အမှတ်တံဆိပ်ဟာ သတင်းတုသတင်းမှားတွေဖန်တီးပြီး လူထုကို လှည့်စားဖို့အတွက် သီးသန့်ဖန်တီး ထားတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ကြောင်း ပထမဦးစွာပြောလိုပါတယ်။ ဒီအမှတ်တံဆိပ်ကို အသုံးပြုပြီး လူမျိုးရေး ဘာသာရေးလှုံဆော်တဲ့ သတင်းမှားတွေ၊ နိုင်ငံရေးအရ လက်ရှိအာဏာရ NLD ပါတီကို ဦးတည် တိုက်ခိုက်တဲ့ သတင်းတွေ မျှဝေလေ့ရှိပါတယ်။  ဒီအမှတ်တံဆိပ်ကို အသုံးပြုပြီး သတင်းမှားတွေ ဘယ်လိုဖြန့်ဖြူးနေ သလဲ ဆိုတာ အချက်အလက် စိစစ်သူအဖွဲ့ အစည်းတွေနဲ့ သတင်းဌာနတွေက ဖော်ပြထားတာ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေဖတ်ရှူ့နိုင်ပါတယ်။

ဒီအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာတွေကို ဒီလင့်မှာ ဝင်ရောက်ဖတ်ရှူ့နိုင်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မြို့နယ်အလိုက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် နေရာအတွက် ပါတီအသီးသီးက  ရရှိခဲ့တဲ့ ဆန္ဒမဲအခြေအနေ၊ မဲပေးခွင့်ရှိသူစာရင်းစတဲ့အချက် အလက်တွေကို ဒီဇင်ဘာလ ၅ ရက်နေ့က ဖော်ပြထား တာတွေ့ရပါတယ်။ဒီစာရင်းမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပေး ပိုင်ခွင့်ရှိ သူဉီးရေ  ၃၂၉၁၈ ဦး၊ မဲပေးခဲ့တဲ့သူ ၂၆၃၇၃ ဦးပဲရှိခဲ့ပါတယ်။

မူရင်းလင်ခ့် –  UEC  |  Archive link

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေမှာလည်း PEMG အမည်နဲ့အဖွဲ့အစည်းမရှိတာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ရှမ်းပြည်နယ် မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်ရဲ့ အချက်အ လက်အသေးစိတ်နဲ့ လူဦးရေ စာရင်းကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။ ၂၀၁၉ ခုနှစ်စက်တင်ဘာ ၃၀ ရက်အထိစာရင်းအရ မဘိမ်းမြို့နယ်တစ်ခုလုံးမှာ လူဦးရေ စုစုပေါင်း ၄၁၈၁၅ ဦးပဲရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၃၁၆၇၃ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ မဘိမ်းတမြို့နယ်တစ်ခုထဲမှာပဲ မှတ်ပုံတင် သို့မဟုတ် အထောက်အထားမရှိသူ (၃) သိန်း နီးပါးကိုမဲစာရင်းမှာထည့်ခဲ့ပြီး မဲပေးခွင့်ပြုခဲ့တယ်ဆိုတာ အထောက်အထားမရှိတာတွေ့ရပါတယ်။ Radio Free Myanmar မြန်မာလိုအားဖြင့် “လွတ်လပ်တဲ့မြန်မာ့အသံ” ဆိုတဲ့  အမှတ်တံဆိပ်ဟာ သတင်းတုသတင်းမှား တွေဖန်တီးပြီး လူထုကို လှည့်စားဖို့အတွက် သီးသန့်ဖန်တီးထားတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တယ်ဆိုတာ ထပ်မံ အသိပေးအပ်ပါတယ်။

Avatar

Title:မဘိမ်းတမြို့နယ်ထဲမှာပဲ မှတ်ပုံတင်မထားသူ ၃ သိန်းဝန်းကျင် မဲပေးခဲ့တယ်လို့ သတင်းမှားဖြန့်ဝေ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *