လူမှုကွန်ရက်သုံးစွဲသူတွေကြားမှာ ဝန်ကြီးတွေ ကျပ်ဘီလီယံနဲ့ချီ လာဘ်စားတာကို ဒေါ်အောင်ဆန်းစုကြည်က အရေးမယူဖို့ ဖိအားပေးခဲ့တယ်လို့ ရေးသားထားတဲ့ ဓာတ်ပုံပို့စ်တစ်ခုပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။

Fb linkArchive link

ဒီပို့စ်ဟာ ၂၀၁၉ ခုနှစ်မှာ ဇူလိုင်လထဲမှာ“Aung Thu Soe”အမည်နဲ့ ဖေ့စ်ဘွတ် သုံးစွဲသူက စတင်ဖြန့်ဝေခဲ့တာ တွေ့ရပြီး ယခုရက်ပိုင်းအတွင်းမှာလည်း ပြန်လည်မျှဝေနေတာအောက်ပါအတိုင်း တွေ့ရပါတယ်။

ပို့စ်မှာ အနားပေးလိုက်ပြီးဖြစ်တဲ့ စီမံကိန်းနှင့်ဘဏ္ဏာရေးဝန်ကြီးဌာန ဝန်ကြီးဟောင် ဉီးကျော်ဝင်းကို ဒေါ်အောင်ဆန်း စုကြည်က ဖိအားပေးလို့ အရေးမယူခဲ့ဘူးဆိုတာ အဓိကရေးသားထားပြီး တနင်္သာရီ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့ မော်ရဲ့ ကျပ်ဘီလီယံ ၈၀ လာဘ်စားမှုကို စောင့်ကြည့်ရမယ်လို့ ရေးသားထားပါတယ်။

အချက်အလက်စိစစ်ချက်

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဒေါ်လဲ့လဲ့မော် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံရတဲ့ သတင်းကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

Mizzima

ဒီလိုပဲ ဘီဘီစီသတင်းဌာနက ဒေါ်လဲ့လဲ့မော်ကို ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့တဲ့ အမှုလေးမှု အသေးအစိတ်ကို ဖော်ပြထားပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

BBC Burmese

GGS ကုမ္ပဏီက ပေးသွင်းရမည့် သဘာဝဓာတ်ငွေ့ဖိုး အကြွေး ကျပ် ၈ ဘီလီယံကျော်နဲ့ ပတ်သက်တဲ့ သတင်းကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

LinkArchive link

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်၊ Global Grand Services (GGS) ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ ၂၀၁၉ ခုနှစ် မတ် ၁၀ ရက်က ထုတ်ပြန်ကြေညာချက်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

LinkArchive link

ဒီလိုပဲ စီမံကိန်းနှင့် ဘဏ္ဏာရေးဝန်ကြီးဟောင်း ဉီးကျော်ဝင်းကိစ္စနဲ့ ပတ်သက်ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာမှာ ၁ ရက်က ထုတ်လွှင့်ခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဉက္ကဌ ဉီးအောင်ကြည်ကို RFA သတင်းဌာနက တွေ့ဆုံ မေးမြန်းမှု အစီအစဉ်ကိုမှာ RFA ရဲ့ အစီအစဉ်တင်ဆက်သူက အောက်ပါအတိုင်းမေးမြန်းခဲ့ပါတယ်။

“လက်ရှိ NLD အစိုးရလက်ထက်မှာ စီမံ/ဘဏ္ဏာဝန်ကြီးဟောင်း ဉီးကျော်ဝင်းကို အရေးယူစစ်ဆေးခဲ့တာရှိပါတယ်။ အဲဒီအခါမှာ ကော်မရှင်က အဂတိလိုက်စားမှု ဉပဒေနဲ့ ငြိစွန်းတာမရှိဘူးဆိုပြီးတော့ ဆုံးဖြတ်ခဲ့တယ်။ ကြေညာခဲ့ တယ်။ ဒါပေမဲ့ စီးပွားရေးအသိုင်းအဝိုင်းမှာရော နောက်ပြီး လက်ရှိအစိုးရနဲ့ အတိုက်အခံလုပ်နေတဲ့ နိုင်ငံရေးပါတီ အသိုင်းအဝိုင်းမှာရော ပြောကြတာရှိပါတယ်။ တကယ်တမ်း ဉီးကျော်ဝင်းမှာ အဂတိလိုက်စား မှုရှိတယ်။ ဒါပေမဲ့ သူ့ကိုအရေးယူရင် ကျန်တဲ့ အစိုးရ အရာရှိတွေကိုပါ နာမည်ပျက်ကိန်းရှိတယ်ဆိုတဲ့ အတွက်ကြောင့်မို့ အစိုးရနဲ့ ပါတီနာမည်ပျက်မှာစိုးလို့ ခေါင်းဆောင်ပိုင်းက ဒီကိစ္စကို လာပြီးတော့ ဖုံးတယ် ဖိတယ်ပေါ့။ ဒီကိစ္စကို မလုပ်ဖို့ တားမြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပါတယ် ခင်ဗျ။ အဲဒါက တကယ်ဟုတ်ပါသလား။ ပြီးတော့ နာမည်ပျက် လိမ့်မယ် အမှုမလုပ်ပါနဲ့လို့ ဖိအားပေးတာတွေရော ကော်မရှင်မှာ ရှိပါသလား။ ဘယ်လောက်အထိ ပြောလို့ရပါ သလဲ။” လို့ မေးမြန်းခဲ့ပါတယ်။

ဒီမေးခွန်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဉက္ကဌ ဉီးအောင်ကြည်ရဲ့ အောက်ပါအတိုင်း ဖြေကြားခဲ့ပါတယ်။

“ပြောနိုင်ပါတယ်။ ကော်မရှင်ကို ဖိအားပေးတာ လုံးဝမရှိပါဘူး။ ဒါနံပါတ် ၁ အချက်ပြောချင်ပါတယ်။ ဖိအားပေးလို့ လည်း ကော်မရှင်က လက်ခံမှာ မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ ဉပဒေအရ ကျွန်တော်တို့ရဲ့ လုပ်ပိုင်ခွင့်ပါ။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ပါ။ မည်သူတစ်ယောက်ကို အရေးယူမယ်။ အရေးမယူဘူးဆိုတာ ပုဒ်မ ၂၈ အရ ကျွန်တော်တို့ ကော်မရှင်ကပဲ သတ်မှတ်တယ်။ တရားစွဲမယ် ဆုံးဖြတ်မယ်။ ကျွန်တော်တို့ရဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကနေပြီး စစ်ဆေးပေါ်ပေါက်မှုပေါ်မှာ မူတည်ပြီးတော့ ဆုံးဖြတ်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ က ဘယ်သူ့ရဲ့ ဖိအားပေးမှုကိုမှ လက်ခံမှာ မဟုတ်ပါဘူး။ ဒါနံပါတ်၁ အချက်ပါ။ နောက်တစ်ခုက ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘေးက ပြောနေကြတယ်ဆိုတာတွေက ပြောတာထက်စာရင် ပါးစပ်က ပြောနေမယ်အစား ကျွန်တော်အမြင်အရတော့ ခိုင်လုံတဲ့ အထောက်အထားရှိရင် တိုင်ကြားပါ။ တကယ်လိုများ ဒီလို အဂတိလိုက်စားမှု ကြီးကြီးမားမားရှိရင် ဘယ်အချိန်မဆို ကျွန်တော်တို့က အရေးယူမှာပါ။ ကျွန်တော်တို့က ခိုင်လုံတဲ့ အထောက်အ ထားမရှိဘဲနဲ့တော့ လူတစ်ယောက်ကို သွားပြီးတော့ အရမ်းကာရော စွပ်စွဲစရဦအကြောင်းမရှိပါဘူး။ ဒါကြောင့်မို့ လို့ ကျွန်တော်တို့ ကော်မရှင်ရဲ့ စစ်ဆေးချက်အရ အခိုင်အမာရပ်တည်ပါတယ်။ တိုင်ကြားတဲ့ ပုဂ္ဂိုလ်က အချက် ၈ ချက်တိုင်ကြားတယ်။ တိုင်ကြားချက်ထဲမှာ ကျွန်တော်တို့ ဘယ်နှချက်ကတော့ဖြင့် မကိုက်ညီဘူး။ ဘယ်နှချက် ကတော့ဖြင့်ရင် ဒီဉစ္စာ ခိုင်လုံတဲ့ အထောက်အထားမရှိဘူးဆိုတာ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးဖြစ် ပါတယ်”ဆိုပြီး ဖြေကြားထားတာတွေ့ရပါတယ်။

၂၂ မိနစ်ကျော်ကြာမြင့်တဲ့ RFA ရဲ့ တွေ့ဆုံမေးမြန်းမှု ဗွီဒီယိုအပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။

RFA Burmese

စီမံကိန်းနှင့်ဘဏ္ဏာရေးဝန်ကြီး ဉီးကျော်ဝင်းအပေါ်တိုင်တန်းချက်နဲ့ ပတ်သက်ပြီး စိစစ်တွေ့ရှိချက်ကို အဂတိလိုက် စားမှု တိုက်ဖျက်ရေးကော်မရှင်က ၂၀၁၈ ခုနှစ် ဇွန် ၉ ရက်က နေပြည်တော်မှာလုပ်ခဲ့ သတင်းစာရှင်းလင်းပွဲမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဉက္ကဌ ဉီးအောင်ကြည်ပြောကြားခဲ့တဲ့ သတင်းကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link

သုံးသပ်ချက်

အထက်ပါ အချက်အလက်တွေအရ စီမံကိန်းနှင့် ဘဏ္ဏာရေးဝန်ကြီးဟောင်း ဉီးကျော်ဝင်း လာဘ်စားတဲ့ ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဖိအားပေးခဲ့တယ်ဆိုတဲ့ အထောက် အထားမတွေ့ရသလို ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံရတဲ့ ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ဟာ ကျပ်ဘီလီယံ ၈၀ လာဘ်စားခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိတဲ့အတွက် သတင်းမှားအဖြစ်သတ်မှတ်ပါတယ်။

Avatar

Title:ဝန်ကြီးတွေ ကျပ်ဘီလီယံနဲ့ချီ လာဘ်စားတာကို ဒေါ်အောင်ဆန်းစုကြည်က အရေးမယူဖို့ ဖိအားပေးခဲ့တယ်ဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung

Result: False