
ထိုင်းပြန် ပအိုဝ်းတွေမှာ ရောဂါအမြောက်အများဖြစ်ပွားနေတာကြောင့် တောင်ကြီး-ဆီဆိုင်လမ်းကို စတင်ပြီးပိတ်ဆို့ လိုက်ပြီဆိုတဲ့ ပို့စ်တစ်ခုလူမှုကွန်ယက် သုံးစွဲသူတွေ အကြားမှာပျံ့နှံ့ခဲ့ပါတယ်။
“#သတိရှိကြပါ တောင်ကြီး – ဆီဆိုင်လမ်းကို အခုကနေစတင်ပြီးပိတ်ဆို့ လိုက်ပါပြီ။ ထိုင်းပြန် ပအိုဝ်းတွေမှာ ရောဂါအမြောက်အများဖြစ်ပွား နေကြောင်းလည်းသိရပါသည်။ ပတ်ဝန်းကျင်ကိုဂရုစိုက်ပါ။ လူစိမ်းဝင်လာ လျှင်နီးစပ်ရာရဲစခန်းသို့အမြန်အကြောင်း ကြားကြပါ။***** ပအိုဝ်းဆိုလျှင်အထူးသတိထားကြ ပါ။”စသည်ဖြင့်ရေးသားပြီး “ငြိမ်း ငြိမ်း သန်း”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “တောင်ကြီး သတင်းစုံလင်”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ အောက်ပါအတိုင်း မျှဝေထားပါတယ်။

အချက်အလက်စိစစ်ချက်
Google မှာ အဓိကကျတဲ့စကားလုံးတွေဖြစ်တဲ့ “တောင်ကြီး-ဆီဆိုင်လမ်းပိတ်”၊”တောင်ကြီး-ဆီဆိုင်လမ်း”စသည် ဖြင့် ရှာဖွေမယ်ဆိုရင် သတင်းဌာတစ်ခုတစ်လေမှ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဒီလိုလမ်းပိတ်လိုက်တဲ့အကြောင်း သတင်းဖော်ပြထားတာမတွေ့ရှိရသလို ဆောက်လုပ်ရေးဝန်ကြီးဌာနအပါအဝင် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ချက်မျိုးမတွေ့ရှိရပါဘူး။
ဒီပို့စ်မှာပါတဲ့ ဓာတ်ပုံကို အသေအချာဆန်းစစ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက အထူးသဖြင့် ရှမ်းပြည်နယ်ဘက်က မဟုတ်သလို တွေ့မြင်နိုင်ပါတယ်။ Google မှာ ပုံကို ပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ တောင်ကြီး-ဆီဆိုင်လမ်းကို စတင်ပိတ်ဆို့လိုက်ပြီလို တင်ထားပေမဲ့ ဧပြီလထဲမှာကတည်းက အင်တာနက်မှာ ဒီပုံဟာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။

ဧပြီ ၂၇ ရက်နေ့မှာ Oneindia သတင်းဌာနက တမီးလ်နာဒူပြည်နယ်နဲ့ အန်ဒရာပဒပ်ပြည်နယ်ကြားမှာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကိုထိန်းချုပ်နိုင်ဖို့အတွက် လမ်းကိုပိတ်ဆို့ပြီး နံရံတစ်ခုတည်ဆောက်ခဲ့တယ်ဆိုတဲ့ အကြောင်းရေးသားထားတဲ့ သတင်းမှာ ဒီပုံကို အသုံးပြုခဲ့တာလည်းတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ တောင်ကြီး – ဆီဆိုင်လမ်းကို အခုကနေစတင်ပြီးပိတ်ဆို့လိုက်ပြီဆိုတဲ့ သတင်းဟာ သတင်းတုသတင်းမှားဖြစ်တာတွေ့ရပါတယ်။