ငြိမ်းချမ်းရေးသဘောတူညီချက်အရ သမ္မတဦးဝင်းမြင့်ကို ရာထူးပြန်ပေးမယ်လို့ စစ်ခေါင်းဆောင်ဟောင်းက ပြောဆိုလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ သတင်းသာ ဖြစ်တယ်။
အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော ပျံ့နှံ့မှုအားကောင်းနေတဲ့ ဒီလိုပြောဆိုဖြန့်ဝေ ထားတဲ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။
“ငြိမ်းချမ်းရေး သဘောတူပြီဟု မအလ ထုတ်ဖော် သမ္မတ ဦးဝင်းမြင့်ကို ရာယူးပြန်ပေးမည်ဟုပြော ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မည့်ရက် အတိအကျ ထုတ်ဖော်”

အချက်အလက်စိစစ်ချက်
ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့က သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေ ပြုလုပ်နေတာတွေ့ရပါတယ်။ ဗွီဒီယိုဖြန့်ဝေထားတဲ့ ဒီချန်နယ်တွေနဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။
ဧပြီ ၁၇ ရက်က သမ္မတဦးဝင်းမြင့့် ပြန်လည်လွတ်မြောက်လာခဲ့ ၃ ရက်အကြာမှာ နေအိမ်အကျယ်ချုပ်ပုံစံ ပြောင်းလဲထားတာကို တွေ့ရပါတယ်။
လွတ်မြောက်လာတဲ့ကာလအတွင်းမှာ သမ္မတ တဖြစ်လဲ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတဦးဝင်းမြင့်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတဲ့ အထောက်အထား ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ တစုံတရာ မတွေ့ရပါဘူး။ ဒီလိုပဲ သမ္မတရာထူးကို ပြန်လည်အပ်နှင်းမယ်ဆိုတဲ့ ပြောဆိုချက်လည်း တစုံတရာ မတွေ့ရပါဘူး။
ဒီအပြင် ဗွီဒီယိုထဲမှာ တကယ်တမ်းဖော်ပြထားတဲ့ အကြောင်းအရာတွေဟာ “စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး PDF များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အလင်းဝင်ရောက်ကြရန် တိုက်တွန်း”၊ “ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ကျဉ်းများ လွတ်မြောက်ရေး အလေးထားတောင်းဆိုပေးသည့် ဖိလစ်ပိုင်ကို ကျေးဇူးတင်”စတဲ့သတင်းတွေပါဝင်တယ်။
သုံးသပ်ချက်
သမ္မတဦးဝင်းမြင့်ကို ရာထူးပြန်ပေးမယ်လို့ စစ်ခေါင်းဆောင်ဟောင်းပြောဆိုတဲ့ အထောက်အထားမရှိပါဘူး။ သမ္မတဦးဝင်းမြင့်ဟာ ဧပြီ ၁၇ ရက် ပြန်လည်လွတ်မြောက်လာပြီးနောက် ရက်ပိုင်းအတွင်းမှာ နေအိမ်အကျယ်ချုပ် ပုံစံပြန်လည်ပြောင်းလဲပြီး စစ်တပ်က ထိန်းချုပ်ထားခဲ့တာတွေ့ရပါတယ်။ ဗွီဒီယိုဖြန့်ဝေနေတဲ့ “Yangon Khit Thit” နဲ့ “Mandalay Khit Thit” ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြရာမှာ သတင်းခေါင်းစဉ်ကို လိုအပ်သလို ခေါင်းစဉ်တုတပ်ဖြန့်ချိလေ့ရှိတယ်။

