
နိုင်ငံတော်အတိုင်ပင်ခံကိုဖေ့စ်ဘွတ်မှာ ရိုင်းပျစော်ကားရင် ဖေ့စ်ဘွတ်ပိုင်ရှင်အကောင့်ကို ဖျက်သိမ်းမယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
“၂၉ ရက် ည၈နာရီသတင်းမှာ ကြော်ငြာ သွားတဲ့ သတင်းလေး ဖတ်ကြည့်သွားကြပါ နိုင်ငံတော် အတိုင်ပင်ခံ ကို face book ကနေ ဆဲဆိုရင် face book ပိုင်ရှင် အကောတ် ကို ဖျက်သိမ်း ပြစ်မယ်တဲ့ တရားဝင် ပြောကြားသွား ပါပြီ ကျွန်တော် တို့ လို့ အမေ့သားသမီးတို့ ဝမ်းသာကြတော့ ဆဲဆို ကြိမ်းမောင်းနေတဲ့ ဟာတွေ သတိသာ ထားကြတော့ မင်းတို့ ဆဲလို့ကတော့ မင်းတို့ အကောတ်လေး ပျောက်ပြီသာမှတ်လိုက်တော့”ဆိုပြီးတော့ “Than Oo”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ရွှေရောင်မျိုးဆက်သစ်များ” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ၁ ထောင်ကျော်က ပြန်လည်မျှ ဝေခဲ့ပါတယ်။

အချက်အလက်စိစစ်ချက်
ပထမဉီးစွာ “၂၉ ရက် ည၈နာရီသတင်းမှာ သွားတဲ့ သတင်းလေး”လို့ဖော်ပြထားတဲ့အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက သတင်းအစီအစဉ်တွေကို ဝင်ရောက်ရှာဖွေကြည့်ရာမှာ ဒီပို့စ်တွေမှာအကြောင်းအရာမျိုးပါဝင်တဲ့ သတင်းမရှိတာ ပါဝင်တာတွေ့ရပါတယ်။ ဇွန် ၂၉ ရက်မှာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းတစ်ပုဒ်ထုတ်လွှင့်ခဲ့တာတွေ့ရပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က “ရောဂါ မပြန့်ပွားစေဖို့ ထိရောက်စွာဆောင်ရွက်နိုင်မည်ဆိုပါက နောက်(၁)လ၊ (၂)လအတွင်းမှာ ဒုတိယအကြိမ် COVID လှိုင်းထခြင်းကို တားဆီးနိုင်မည်ဟု မျှော်လင့်ရကြောင်း” ၎င်း၏ Facebook စာမျက်နှာမှ သတင်းစကားပါးရေးသား”ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။

ဒီလို ရိုင်းစိုင်းစော်ကားမှုတွေရှိလာရင် ဖေ့စ်ဘွတ် အလိုအလျှောက်ပျက်တဲ့ စနစ်မျိုး Mark Zuckerberg ထည့်သွင်းတားတယ်ဆိုတဲ့ ပို့စ်တွေလည်း ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁ ရက်နေ့က ဖေ့စ်ဘွတ်စသုံးကြောင်း ကြေညာပြီးနောက်နေ့မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပုတ်ခတ်ဝေဖန်တဲ့ အကောင့်တွေ အော်တိုပျက်ကျမယ့်စနစ် ထည့်မယ်ဆိုတာ မဟုတ်ပါဘူးလို့ ဖေ့စ်ဘွတ်တာဝန်ရှိသူကို ကိုးကားပြီး AFP သတင်းဌာနက အချက်အလက်စိစစ်ထားတာတွေ့ရပါတယ်။ သို့သော်လည်း ဆဲရေးတိုင်းထွာမှုများအတွက် ဖေ့စ်ဘွတ်ရဲ့ လူမှုအသိုင်းအဝန်းစံနှုန်းတွေအရ ပိတ်သိမ်းခံရတာမျိုးဖြစ်နိုင်ပါတယ်။

အလားတူစွာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရိုင်းစိုင်းစော်ကားမှုတွေရှိလာရင် ဖေ့စ်ဘွတ် အလိုအလျှောက်ပျက်တဲ့ စနစ်မျိုးထည့်ထားတယ်လို့ သတင်းထွက်ပေါ်ပြီးမကြာခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အသုံးပြုသည့် Facebook ကို မသမာသူများ လိုက်လံ နှောက်ယှက်နေ၍ အရေးယူပေးရန်ဟု ရေးသား ထားတဲ့ရုံးစာတစ်ခုပျံ့နှံ့ခဲ့ဖူးပါတယ်။ ဒီစာဟာ အတုဖြစ်ကြောင်း သမ္မတရုံးပြောခွင့် ရပုဂ္ဂိုလ်က Myanmar Now ကို အတည်ပြုထားတဲ့ သတင်းကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။
သို့သော်လည်းနိုင်ငံတော် အတိုင်ပင်ခံနဲ့ အစိုးရကို ဆဲရေးတိုင်းထွာမှုအတွက် တရားစွဲဆိုခဲ့တဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ နိုင်ငံတော် အတိုင်ပင်ခံ ကို ဖေ့စ်ဘွတ်ကနေ ဆဲဆိုရင် ဖေ့စ်ဘွတ်အကောင့် ပိုင်ရှင်ဖျက်သိမ်း ပြစ်မယ်လို့ ည ၈ နာရီသတင်းမှာ ကြေညာခဲ့တယ်ဆိုတဲ့အချက်ဟာ အချက်အလက်မှား ဖြစ်တာတွေ့ရပါတယ်။

Title:ဒေါ်အောင်ဆန်းစုကြည်ကို ရိုင်းပျစော်ကားရင်ဖျက်သိမ်းမယ်လို့ ကြေညာတယ်ဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: False