တောင်ကိုရီးယားနိုင်ငံက ကြိုတင်မဲရလာဒ်ဆိုတဲ့ ပို့စ်တစ်ခု လှုမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံပို့စ်မှာ “တောင်ကိုရီးယားရဲ့ကြိုတင်မဲ အရေအတွက်ပါတဲ့”ဆိုပြီး “Soe Moe Aung Moe ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေထားတဲ့ ပို့စ်ကို screenshot ရိုက်ပြီး “Bunki Latt”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေက မျှဝေထားတာအောက်ပါအတိုင်းတွေ့ရတယ်။

ဒီလိုမျှဝေနတာကို ဒီလင့်ခ် ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တွေ့နိုင်ပါတယ်။
တကယ်တော့ ဒီမဲရလာဒ်ဟာ အွန်လိုင်းကနေ စစ်တမ်းကောက်ယူရရှိတဲ့ ရလာဒ်စာရင်းသို့မဟုတ် စိတ်ကူး ပုံဖော်ထားတဲ့ ရလာဒ်သာဖြစ်နိုင်တာတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
မြန်မာနိုင်ငံအရပ်ရပ်က ပြည်ပရောက်မဲပေးသူတွေဟာ မဲဆန္ဒနယ်အသီးသီးက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စား လှယ်တွေကို မဲပေးရမှာဖြစ်ပြီး ဒီလိုမဲပေးလိုက်တဲ့ ရလာဒ်တွေကို သက်ဆိုင်ရာ နိုင်ငံအသီးသီးက သံရုံး၊ကောင်စစ်ဝန်ရုံးအသီးသီးကနေ ချိတ်ပိတ်ထားတဲ့ စာအိတ်များအတိုင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အသီးသီးကို ဖြန့်ကျက်ရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်ပရောက် ရာခိုင်နှုန်းဘယ်လောက်က ဘယ်ပါတီကို မဲပေးတယ်ဆိုတာ မြို့နယ်တစ်ခုချင်းစီအလိုက်က ရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူတွေ ကလွဲလို့ မည်သူမှ သိရှိနိုင်ခြင်းမရှိတာတွေ့ရပါတယ်။ ဒီလိုရလာဒ်မျိုးကိုလည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် ပါအဝင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သီးခြားထုတ်ပြန်လေ့မရှိတာ တွေ့ရပါတယ်။

ကြိုတင်မဲ့ပေးခွင့် လျှောက်ထားသူများစာရင်းနဲ့ ပတ်သက်ပြီး ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အောက်ပါ အတိုင်းကြေညာထားတာတွေ့ရပါတယ်။ ြသဂုတ် ၁၇ ရက်က ထုတ်ပြန်ကြေညာခဲ့တဲ့ ကြေညာချက်အပိုဒ် ၃ မှာ “မြန်မာသံရုံး၊ဆိုးလ်မြို့အနေဖြင့် ပုံစံ(၁၅) လက်ခံရရှိမှုများကိုသာ ထုတ်ပြန်ကြေညာပေးခြင်းဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ၁၄-၁၀-၂၀၂၀ ရက်နေ့တွင် ဒုတိယအကြိမ်ထိပ်မံထုတ်ပြန်ကြေညာမည့် မဲဆန္ဒရှင်များ စာရင်းတွင် ပါဝင်မှသာလျှင် မဲပေးခွင့်ရရှိနိုင်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်”လို့ ထုတ်ပြန်ကြေညာ ထားတာတွေ့ရပါတယ်။
ယင်းအချက်အရ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေဖြင့် ပြည်ပရောက်ကိုရီးယားများအတွက် ကြိုတင်မဲ ပေးခြင်းလုပ်ငန်းအတွက် မဲဆန္ဒမဲပေးမှုလုပ်ငန်းစဉ်ကို အောက်တိုဘာ ၁၄ ရက်နောက်ပိုင်းတွင်မှသာ ဆောင်ရွက် မှာကို တွေ့ရပါတယ်။
အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်ရန်အတွက် လက်ခံရရှိခဲ့သော ပုံစံ ( ၁၅ ) စုစုပေါင်းမှာ ( ၁၀၉၄၇၀ ) စောင်ဖြစ်ပြီး ပထမ အသုတ်လက်ခံရရှိခဲ့သည့် ( ၄၆၃၁၅ ) စောင်ကို တိုင်းဒေသကြီး/ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ မဲပေးခွင့် စိစစ်နိုင်ရန်အတွက် ၂၀-၈-၂၀၂၀ ရက်နေ့တွင် ပေးပို့သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ြသဂုတ် ၂၀ ရက်မှာ ထုတ်ပြန်ကြေညာထားတာကို တွေ့ရပါတယ်။ ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်မှာပါ အချက်အလက်တွေအရ လက်ရှိဟာ ဆန္ဒမဲပေးခွင့်ရှိသူစာရင်းကို ပြင်ဆင်ဖြည့်စွက်မှုများ လုပ်ဆောင်နေဆဲကာလ ဖြစ်တာတွေ့ရပြီး ဆန္ဒမဲပေးခြင်းလုပ်ငန်းစတင်ဆောင်ရွက်သေးခြင်း မရှိတာ တွေ့ရပါတယ်။ ပြည်ပရောက် နိုင်ငံသားမဲပေးသူတွေဆီက လျို့ဝှက်ဆန္ဒမဲတွေဟာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အသီးသီးဆီကိုပဲ ဖြန့်ကျက်ရောက်ရှိသွားမှာဖြစ်ပြီး မဲပေးသူနှစ်ရာခိုင်နှုန်းဘယ်လောက်က ပါတီတစ်ခုခုကို မဲပေးတယ်ဆိုတာတွက်ချက်လေ့မရှိတာလည်း တွေ့ရပါတယ်။
Title:တောင်ကိုရီးယားမှာ ကြိုတင်မဲရလာဒ်ထွက်ပြီးလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: Explainer