
ဖားကန့်မှာ ကျောက်မျက်လုပ်ကွက်တစ်ခုက မြေပြိုကျမှုကြောင့် လူရာချီသေဆုံးခဲ့ရတဲ့နေရာက NLD ပါတီနဲ့ တရုတ်ကုမ္ပဏီ ၄ ခုပေါင်းထားတဲ့ လုပ်ကွက် နေရာဆိုတဲ့ ဓာတ်ပုံစာသား ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ လျက်ရှိပါတယ်။
“ရှေ့ကခိုး နောက်ကဖော် #အောင်ဆန်းသမီးပါးစပ်ပိုကြီး”ဆိုပြီးတော့ “Nay La Yaung”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ Radio Free Myanmar လို့ အမည်ပေးထားတဲ့ သတင်းဌာနက ရေးသားဟန်နဲ့ မျှဝေထားတဲ့ ဓာတ်ပုံပို့စ်မှာ ဒီလို လူရာချီသေဆုံးခဲ့ရတဲ့ လုပ်ကွက်နေရာဟာ NLD ပါတီနဲ့ တရုတ်ကုမ္ပဏီ ၄ ခုတို့ အကျိုးတူပူးပေါင်းနေတဲ့နေရာဖြစ်တယ်လို့လည်း ရေးသားထားပြီး အဲဒီထဲက အကြီးဆုံး ကုမ္ပဏီဟာ ရတနာစန်းရွှင် ကုမ္ပဏီလို့လည်း ရေးသားထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်ရတနာနယ်မြေ ဝှေခါကျေးရွာက ကျောက်မျက်လုပ်ကွက်တစ်ခုမှာ ဇူလိုင် ၂ ရက် မနက်ပိုင်းက မြေပြိုမှုဖြစ်စဉ်အတွင်းမှာ ရေမဆေးကျောက်ရှာဖွေသူ ၁၇၄ ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၅၄ ဦး ဒဏ်ရာရရှိခဲ့ရပါတယ်။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။
အချက်အလက်စိစစ်ချက်
ပထမဆုံး ကချင်ပြည်နယ် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းကို Fact Crescendo Myanmar က အခုလိုပျံ့နှံ့နေတဲ့ ပို့စ်နဲ့ ပတ်သက်ပြီး ဆက်သွယ်တည်ပြုရာမှာ အောက်ပါအတိုင်း ပြောကြားပါတယ်။
“NLD ကတော့ ဘာမှမဆိုင်ပါဘူး။ အဲဒါတွေကတော့ သတင်းမှားပါတယ်။ သူကတော့ အဲဒီမှာ ရတနာ ကြယ်လို့ပြောတာပေါ့နော်။ နောက်ပြီး အဲဒီမြေပြိုသွားတဲ့နေရာကတော့ လုပ်ကွက်အဟောင်းပေါ့ သက်တမ်းကုန်တော့ လူတွေက အဲဒီမြေပြိုတဲ့နေရာတော့ မတူးဘူးပေါ့နော်။ ဒါပေမဲ့ မြေပြိုပြီးမှ မြေလျောကျပြီးမှ အောက်ကို ရောက်သွားတဲ့နေရာမှာတော့ ရတနကြယ်ထင်တယ် စာအုပ်ထဲမှာတော့ ရေးထားတယ်။ သူက ကုမ္ပဏီနာမည်က ခပ်ဆင်ဆင်ပဲ။ရတနာကြယ်အုပ်စုထဲ ကုမ္ပဏီ။ အဲဒီကျင်းထဲကို အဲဒီမြေဇာက ချောပြီးမှ သူတို့ကျင်းထဲကို ဝင်သွားတာ။ သူတို့ကျင်းက မိုးရာသီပိတ်သိမ်းတဲ့အချိန်ဆိုတော့ အဲဒီမှာ မိုးရွာတော့ ရေစုကန်လေးဖြစ်နေတာပေါ့။ အဲဒီသူတို့ပြောတဲ့ဟာ NLD ရဲ့ဟာဆိုတာတော့ မဟုတ်ပါဘူး”လို့ ဦးဒါရှီလဆိုင်က ပြောပါတယ်။
ထို့အပြင် Radio Free Myanmar လို့ အမည်ပေးထားတဲ့ သတင်းဌာနကအဖြစ် ပြန်ကြားရေးဝန်ကြီးဌာနမှ မှတ်ပုံတင်ထားတာမရှိသလို လူမှုကွန်ယက်စာမျက်နှာ ဝက်ဘ်ဆိုဒ်တစ်ခုတစ်လေမျှ မတွေ့ရှိရပါဘူး။ Fact Crescendo Myanmar ကအချက်အလက်စိစစ်ထားတာကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
ရတနာကြယ်ကုမ္ပဏီနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဉီးစီးဌာနအချက်အလက်ရှာ ဖွေကြည့်ရာမှာ နာမည်ဆင်တဲ့ ကုမ္ပဏီ ၃ ခုမှတ်ပုံတင်ထားတာတွေ့ရပြီး TREASURE STAR COMPANY LIMITED(ရတနာကြယ်ကုမ္ပဏီလီမိတက်)အမည်နဲ့ ကုမ္ပဏီဟာ ကျောက်မျက်တူးဖော်တာလုပ်တဲ့ ကုမ္ပဏီ အဖြစ်ဖော်ပြထားတာတွေ့ရပါတယ်။ ၂၀၀၀ ခုနှစ် မှတ်ပုံတင်ခဲ့တဲ့ ရတနာကြယ်ကုမ္ပဏီဟာ လက်ရှိ ဒါရိုက်တာ ၂ ဦးရှိတာတွေ့ရပြီး မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားတာတွေ့ရပါတယ်။

အလားတူ ရတနာစန်းရွှင်ကုမ္ပဏီနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဉီးစီးဌာနမှာ အောက်ပါအတိုင်းဖော်ပြထားပါတယ်။ ရတနာစန်းရွှင် ကျောက်မျက် ကုမ္ပဏီ လီမိတက်ဟာ ၂၀၀၁ ခုနှစ် မှတ်ပုံတင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး လက်ရှိ ဒါရိုက်တာ ၃ ဉီးရှိပြီး မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားတာ တွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ လူရာချီသေဆုံးခဲ့ရတဲ့နေရာက NLD ပါတီနဲ့ တရုတ်ကုမ္ပဏီ ၄ ခုပေါင်းထားတဲ့ လုပ်ကွက် နေရာဖြစ်တဲ့ဆိုတဲ့ အချက်အလက် အချက်အလက်တု အချက်အလက်မှားဖြစ်တာတွေ့ရပါတယ်။

Title:လူရာချီသေဆုံးခဲ့ရတဲ့နေရာက NLD ပါတီနဲ့ တရုတ်ကုမ္ပဏီ ၄ ခုပေါင်းထားတဲ့ လုပ်ကွက် နေရာဆိုတဲ့သတင်းမှား
Fact Check By: Nayar MaungResult: False