ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စာရင်းတွေအရ ဧပြီ ၅ ရက်နေ့အထိ ကမ္ဘာတစ်လွှာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံရသူဉီးရေ ၁၁ သိန်းကျော်နဲ့ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၆၂၀၀၀ ထက်မနည်းရှိလာပြီဖြစ်သလို မြန်မာနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ သူ ၂၁ ဉီးနဲ့ သေဆုံးသူတစ်ဉီးရှိထားပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အိမ်တွင်းဆေးမီတို၊ တိုင်းရင်းဆေးနဲ့ နိုင်ငံခြားဆေးတွေကကိုရိုနာဗိုင်ရပ်စ်နဲ့ပတ်သက်ပြီး ပျောက်ကင်းတယ်ဆိုတဲ့ သတင်းတွေမကြာခဏတွေ့ရသလို အိမ်တွင်းမှာ အလွယ်တကူလုပ်နိုင်မယ့် ကိုရိုနာဗိုင်းရပ်စ်ရှိမရှိသိနိုင်တဲ့နည်းလမ်း၊ ကာကွယ်နိုင်မယ့် နည်းလမ်းတွေကိုလည်း လူမှုကွန်ယက်မှာ မကြာခဏတွေ့ရပါတယ်။

အခုလည်း“ပိုက်ဆံ (၅) ပြားမှ မကုန်ဘဲ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တဲ့နည်းလမ်း အခုပြောတဲ့ အတိုင်း လေ့ကျင့်ပြီး ရင် အနည်းငယ် မူးဝေမှု ဖြစ်ပေါ်ပါမယ်၊ စိုးရိမ်စရာမလို ပြီးရင် ခေါင်းအုံးကို ရင်ပတ်အောက်မှာခံပြီး မှောက်လျက် ခဏနားလိုက်ပါ ( ပက်လက်ဆိုရင် ကျောကုန်းက အဆုပ်ဆဲလ်များ ဖိမိနေလို့ ခဏ မှောက်ရတာပါ)” ဆိုပြီးတော့ ဗွီဒီယိုတစ်ခုကို “အေးနေဝင်း Aye NeWin”အမည်နဲ့အကောင့်က မျှဝေလာပါတယ်။

Fb linkArchive link

ဒီလိုအသက်ရှုရုံနဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုက ကာကွယ်နိုင်ပါသလား

အချက်အလက်စိစစ်ချက်

“အသက်ရှူလေ့ကျင့်ခန်းနဲ့ COVID-19 ကိုကာကွယ်နိုင်တယ်ဆိုတာကတော့ ဘယ်လို့မှမဖြစ်နိုင်ဘူး။ဒါက ပထမ တစ်ချက်။ သူတို့ လုပ်တယ်ဆိုတာက ပုံမှန်အားဖြင့် ကျွန်တော်တို့က အသက်က အဲလောက်ထိ မရှူဘူး။ ကျွန်တော်တို့က ရှူလိုက်ထုတ်လိုက်ပဲ လုပ်တဲ့အခါက lungs ရဲ့ capacity ကို အပြည့်မသုံးဘူးလို့ပြောလို့ရတယ်။ lungs က စုစုပေါင်း air ၆ လီတာလောက်ဆံတယ်ဆိုရင် ကျွန်တော်တို့က ပုံမှန်အားဖြင့် ၄ လီတာလောက်ကိုပဲ သုံးတယ်။ ဒါပေမဲ့ ပြင်းပြင်းရှူတယ် အောင့်ထားတယ်၊ ဖြည်းဖြည်းခြင်း ပြန်ထုတ်တယ်၊ အကြာကြီး ပြန်ထုတ် တယ်ပေါ့။ အဲဒါကို ကျွန်တော်တို့က နဂို အသက်ရှူလေ့ကျင့်ခန်းလိုလုပ်တာပဲ။ ခဏအောင့်ထားတယ် ပြီးရင် ၅ စက္ကန့် လောက်ပြန်ထုတ်တဲ့အခါကျရင် lungs capacity ကောင်းတယ်။ အဆုပ်ရဲ့အားကို ပိုပြီးတော့ ကောင်းစေတယ်ပေါ့။ ဒီလောက်ပါပဲ။ အဲဒီထက်ပိုပြီးတော့ ဒီ COVID-19 ကာကွယ်တယ်တို့ ဘာတို့ဆိုတာကတော့ မရှိပါဘူး”လို့ Hellosayarwon ဆေးဘက်ဆိုင်ရာပညာပေးဝက်ဆိုဒ်တည်ထောင်သူ ဒေါက်တာသူရိန်လှိုင်ဝင်းက Fact Crescendo Myanmar ကို အတည်ပြုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လူတွေကြားမှာ ပျံ့နှံ့နေတဲ့ ကောလဟလ အချို့ကို ပြန်လည်ရှင်းလင်း ချက်ထုတ် ထားရာမှာ အသက်ရှုကို ၁၀ စက္ကန့်လောက်ရှူသွင်းပြီး ၁၀ စက္ကန့်လောက်အောင့်ထားနိုင်မယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ်မရှိဘူး၊ အဆုပ်အားကောင်းသေးတဲ့ ဆိုတာ မမှန်ကြောင်း ပြောကြားထားပါတယ်။

“COVID-19 နဲ့ပတ်သက်ပြီး အဖြစ်အများဆုံးလက္ခဏာကတော့ အချောင်းခြောက်ဆိုးခြင်း၊ အားအင် ကုန်ခမ်းမောပန်းခြင်းနဲ့ အဖျားတက်ခြင်းဖြစ်ပါတယ်။ COVID-19 ဖြစ်စေတဲ့ ဗိုင်းရပ်စ်ရှိမရှိ အကောင်း ဆုံးစစ်ဆေးနိုင်တဲ့ နည်းလမ်းကတော့ ဓာတ်ခွဲစမ်းသပ်တာပါပဲ။ အန္တရာယ်တောင်ရှိနိုင်တဲ့ ဒီလို အသက်ရှူလေ့ကျင့်ခန်းမျိုးနဲ့ သင့်မှာ ရောဂါပိုးရှိမရှိ အတည်မပြုနိုင်ပါဘူး”လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရေးသားထားပါတယ်။

WHO

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုအများစုဟာ ကလေးတွေနဲ့ အသက်ငယ်သူတွေမှာ အပြင်းအထန်ဖျားလေ့မရှိပေမဲ့ ကူးစက်ခံရသူ ၅ ယောက်မှာ တစ်ယောက်ကတော့ အပြင်အထန်ဖျားလေ့ရှိပြီး ဆေးရုံတက်ရောက်ကုသမှုလိုအပ် ပါတယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားထားပါတယ်။ အခုလို COVID-19 ဖြစ်နေတာကြောင့် ကိုယ်နဲ့ ကိုယ်ချစ်ရခင်ရသူတွေကို ဘယ်လိုထိခိုက်မှုရှိလိမ့်မလဲလို့ စိုးရိမ်မှုရှိတာသာမန်ပါပဲ။ ဒီလိုစိုးရိမ်မှုတွေကို လက်ကို စနစ်တကျနဲ့ မကြာခဏဆေးကြောတာ၊ အသက်ရှုလမ်းကြောင်း သန့်ရှင်းရေးဆောင်ရွက်တာတွေ၊ ကျန်းမာရေးအာဏာပိုင်တွေရဲ့ အကြံဉာဏ်တွေကို လိုက်နာတာတွေနဲ့ ရှောင်ရှားနိုင်တယ်လို့လည်း ကမ္ဘာ့ကျန်မားရေးအဖွဲ့က ပြောကြားထားပါတယ်။

WHO

သုံးသက်ချက်

အထက်က အချက်အလက်စိစစ်ချက်အရ “ အသက်ရှူ၊ ၅ စက္ကန့်အောင့်၊ ပြန်ထုတ်၊ ၆ ကြိမ်မြောက်မှာ အချောင်းဆိုး”စတာတွေလုပ်ရင် ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်ဆိုတာ အထောက်အထား တစ်စုံတစ်ရာမရှိပါဘူး။ အသက်ရှူလေ့ကျင်ခန်းဟာ လူတိုင်းလုပ်သင့်တဲ့လေ့ကျင့်ခန်းဆိုပေမဲ့ COVID-19 နဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်း မာရေးအဖွဲ့က အသက်အန္တရာယ်အထိရှိနိုင်ကြောင်း ပြောကြားထားပါတယ်။

Avatar

Title:အသက်ရှုလေ့ကျင်ခန်းက ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်ဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung

Result: False