ပရုတ်ဆီကို ရေနွေးနဲ့ဖျော်ပြီး ထွက်လာတဲ့အငွေ့ကို ရှုခြင်းက COVID-19 ကို ကုသနိုင်တယ်ဆိုတဲ့ သတင်းမှား

Coronavirus False ဆေးဘက်ဆိုင်ရာ၊ | Medical လူမှုရေး

ဧပြီ ၁၂ ရက်အထိ ကမ္ဘာတစ်လွှာမှာ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူအတည်ပြုလူနာ ၁ ဒဿမ ၆ သန်းကျော်ရှိပြီး သေဆုံးသူအရေအတွက် တစ်သိန်းကျော်ရှိပြီဖြစ်ပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ် ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ သင်္ကြန်ရုံး ပိတ်ရက် ကာလအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အတည် ပြုလူနာ ရုတ်တရက်မြင့်တက်လာနေပြီး ဧပြီ ၁၃ ရက်မနက်အစောပိုင်းအထိ အတည်ပြုလူနာ ၄၁ ဉီးရှိလာပြီး သေဆုံးသူ ၄ ဉီးရှိလာခဲ့ပြီဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ကိုရိုနာဗိုင်းရပ်စ်ကို ပျောက်ကင်းစေတဲ့နည်းလမ်းတွေဆိုပြီးတော့ လူမှုကွန်ယက်မှာ မျှဝေနေတာတွေရှိပါတယ်။ “လွယ်ကူ သက်သာပြီး virus ပိုးသေစေနိုင်သောနည်းလမ်း”ဆိုပြီးတော့ ၂ မိနစ်နဲ့ ၅၂ စက္ကန့်အရှည်ရှိတဲ့ ဒီဗွီဒီယိုကို “Own Creator”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဧပြီ ၃ ရက်က မျှဝေထားရာ လူမှုကွန်ယက်သုံးစွဲသူ လေးသောင်းကျော်က ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ အောက်ပါ စာသား တွေကတော့ ဗွီဒီယိုထဲက ကောက်နှုတ်ချက်အချို့ဖြစ်ပါတယ်။

 “အိမ်မှာရှိတဲ့ ပရုတ်ဆီတစ်မျိုးမျိုး ဉီးစိုင်းတို့ လင်ဇီးတို့ဘာပဲဖြစ်ဖြစ်ပေါ့။ ဒီလိုပရုတ်ဆီတစ်မျိုးမျိုးကို ဒီလိုဇလုံ တစ်လုံးရဲ့ အောက်ခြေမှာ အရင်ဆုံးထည့်လိုက်ပါ။ ထည့်လိုက်ပြီးလို့ရှိရင် အဲဒီအပေါ်ကနေ ရေနွေးပွက်ပွက် ဆူလောင်းလိုက်မယ်။လောင်းလိုက်မယ်ဆိုရင် မြင်တဲ့အတိုင်းပဲ အငွေ့တွေက ထွက်လာမယ်။ အဲဒီအထဲမှာ ပရုတ်ဆီဓာတ်တွေကလည်းပါဝယ်။ အဲဒီလိုပါတော့ အဲဒါကို ကျွန်တော်တို့က ရှုပေးရမှာဖြစ်တယ်”

သူတို့ကိုယ်သူတို့ ဘယ်သူရယ်လို ဖော်ပြထားခြင်းမရှိတဲ့ အမျိုးသားတစ်ဉီးက ဗွီဒီယိုထဲမှာပြောကြားထားတာ ဖြစ်ပါတယ်။

အချက်အလက်စိစစ်ချက်

အနောက်တိုင်းဆေး၊ တိုင်းရင်းဆေးနဲ့ အိမ်တွင်းဆေးမီးတိုတွေက covid-19 ရောဂါလက္ခဏာကို သက်သာအောင်၊ ပျောက်အောင် ကုသပေးကောင်းပေးနိုင်ပေမဲ့ လောလောဆယ်အထိ ကာကွယ်နိုင်၊ ကုသနိုင်တယ်ဆိုတဲ့ ဆေးကို အချက်အလက်ခိုင်ခိုင်မာမာ မတွေ့ ရသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားထားပါတယ်။  အနောက်တိုင်းဆေးအပါအဝင် တိုင်းရင်းဆေးနဲ့ ကုသတာ၊ ကာကွယ်တာတွေကို စမ်းသပ်မှုတွေတော့ရှိနေပြီး လူတွေနဲ့ စမ်းသပ်မှုပြီးစီးရင်ပြီးစီးချင်း ထုတ်ပြန်ပေးသွား မယ်လို့လည်းပြောကြားထားပါတယ်။

Link

လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်၊ ကုသနိုင်တဲ့ဆေးဝါးမျိုး မတွေ့ရှိရသေးဘူးလို့ ကမ္ဘာ့ကျန်းမားရေးအဖွဲ့က ပြောကြားထားပါတယ်။ အပြင်းအထန်ဖျားနာသူတွေအနေနဲ့ ဒီဖြစ်စဉ်ကနေ သက်သာဖို့ ဆေးရုံတက်ပြီး လိုအပ်တဲ့ ကုသမှုတွေလုပ်ဖို့လိုအပ်တယ်လို့လည်းပြောကြားထားပြီး ဒီလိုလူနာအတွက် ရောဂါကနေသက်သာအောင် ပြုစုစောင့်ရှောက်မှုကနေပဲ အတော်များများက သက်သာလာတာဖြစ်ပါတယ်လို့လည်း ပြောကြားထားပါတယ်။

ကုသတာ၊ ကာကွယ်တာတွေမှာဖြစ်နိုင်ခြေရှိတဲ့ဆေးဝါးတွေကို လူတွေနဲ့ စမ်းသပ်မှုအဆင့်တော့ရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ ဒီလိုစမ်းသပ်တီထွင်မှုတွေကို ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ပြောကြားထားပြီး ကိုရိုနာဗိုင်းရပ်စ်ကနေ အကောင်းဆုံးကာကွယ် နိုင်မယ့်နည်းလမ်းကတော့ လက်ကို မကြာခဏဆေးကြော သန့်စင်တာ၊ ချောင်းဆိုး၊နှာချေတဲ့အခါမှာ တံတောင်ကွေး ဒါမှမဟုတ် တစ်သျှူးစနဲ့ ဖုံးအုပ်တာတွေပဲဖြစ်တယ်လို့လည်းပြောကြားထားပါတယ်။

Link

Google မှာ အဓိကကျတဲ့စကားလုံးတွေဖြစ်တဲ့ “inhaling steam can cure covid 19”လို့ရိုက်ရှာကြည့်ရမှာ အခုဗွီဒီယိုမျိုးပဲ လိမ္မော်သီးခြောက်၊ ဆားတို့ကို ရေနွေးလောင်းပြီး ထွက်လာတဲ့ ရေနွေးငွေ့ရှုသွင်းခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်တယ်ဆိုပြီးတော့ နိုင်ငံတကာမှာ ပျံ့နှံခဲ့တွေ့ရပါတယ်။

 ကျွမ်းကျင်သူတွေက ဒီလိုလုပ်တာဟာ ကုသနိုင်တယ်ဆိုတဲ့ အထောက်အထားမရှိဘဲ၊ အသက်ရှုလမ်းကြောင်းကို ဒဏ်ရာဖြစ်စေနိုင်တဲ့အတွက် အန္တရာယ်ရှိတဲ့လို့ သတိပေးထားတာတွေ့ရပါတယ်။ AFP သတင်းဌာနက အချက် အလက်စိစစ်ထားတဲ့ အကြောင်းအရာကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

AFPArchive link

အိန္ဒိယ Fact Crescendo အချက်အလက်စိစစ်ရေးကလည်း ရေနွေးငွေ့ရှုတာဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်တဲ့ နည်းလမ်းမဟုတ်ဘူးဆိုတာ အချက်အလက်စိစစ်ထားတာ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

FactcrescendoArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်စိစစ်ချက်တွေအရ ပရုတ်ဆီကို ရေနွေးလောင်းဖျော်ပြီးထွက်လာတဲ့အငွေ့ကို ရှုတာဟာ  ကိုရိုနာဗိုင်းရပ်စ်ကို သေစေတယ်ဆိုတဲ့ အထောက်အထားတစ်စုံတစ်ရာမတွေ့ရတဲ့အတွက် သတင်းမှားသာဖြစ် ပါတယ်။

Avatar

Title:ပရုတ်ဆီကို ရေနွေးနဲ့ဖျော်ပြီး ထွက်လာတဲ့အငွေ့ကို ရှုခြင်းက COVID-19 ကို ကုသနိုင်တယ်ဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *