
ဧပြီ ၂၂ ရက်အထိ ကမ္ဘာတစ်လွှားမှာ COVID-19 ပိုးကူးစက်ခံရသူ အတည်ပြုလူနာပေါင်း ၂ ဒသမ ၅ သန်းကျော် လာပြီး သေဆုံးသူ ၁ သိန်း ၇ သောင်းကျော်ရှိလာပြီဖြစ်ပါတယ်လို့ worldmeters.info က ဖော်ပြပါတယ်။ အာရှမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံထက် ကူးစက်ခံရသူနဲ့ သေဆုံးသူ ပိုမိုများပြားတဲ့ အီရန်နိုင်ငံဖြစ်ပြီး ဧပြီ ၂၂ ရက်အထိ စုစုပေါင်း အတည်ပြုလူနာ ၈၄၈၀၀ ကျော်နဲ့ သေဆုံးသူ ၅၃၀၀ နီးပါးရှိလာပြီဖြစ်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ “အီရန်နိုင်ငံမှာ Covid-19 ရောဂါကြောင့် လူတွေသေတာ မြှုပ်လို့မနိုင်တော့လို့တဲ့ဗျာ မကယ်နိုင်တဲ့အလ္လာဟ်ကို လမ်းပေါ်ထွက် ဆန္ဒပြကုန်ကြပါပြီ အလ္လာဟ်ထွက်ခဲ့ပါတော့တဲ့”ဆိုပြီး ဗွီဒီယိုဖိုင် တစ်ခုကို“နေ ထက် လင်း”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားပါတယ်။ အလားတူပဲ “Myo Min”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကလည်း မျှဝေထားတာတွေ့ရပါတယ်။

ဒီဗွီဒီယိုဟာ တကယ်ပဲ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ အီရန်က အဖြစ်အပျက်လား။ အချက်အလက်စစ်ဆေး ကြည့်ရအောင်ပါ
အချက်အလက်စိစစ်ချက်
ပထမဆုံး ဗွီဒီယိုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဆန်းစစ်နိုင်တဲ့ InVID မှာ ဒီဗွီဒီယိုကို ပုံရိပ်ဖမ်းနည်း အသုံးပြုပြီး ဓာတ်ပုံအဖြစ်ပြောင်းကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

ဒီဓာတ်ပုံတွေကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

အခြားနိုင်ငံတွေမှာလည်း ဒီဗွီဒီယိုက အီတလီက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆုတောင်းသူတွေအဖြစ်ဖော်ပြခဲ့ တာတွေ့ရှိပြီး ဒီဗွီဒီယိုဟာ အီတလီနိုင်ငံကမဟုတ် ပီရူးနိုင်ငံက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလထဲက လူတွေက Plaza San Martín ရှေ့မှာဆုတောင်းနေကြတဲ့ ဗွီဒီယိုဖြစ်တယ်လို့ကြောင်း အဖွဲ့အစည်းအသီးသီးက အချက်အလက် စိစစ်ထား တာတွေ့ရပါတယ်။အောက်ပါလင့်ခ်မှာဝင်ရောက်လေ့လာနိုင်ပါတယ်။
ပီရူးက နိုင်ငံရေးသမားတစ်ဉီးဖြစ်တဲ့ Alejandro Munante ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၇ ရက်က live လွှင့်ခဲ့တဲ့ ၁၃ မိနစ်စာဗွီဒီယိုကို အောက်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါ အချက်အလက်စိစစ်ချက်တွေအရ အီရန်နိုင်ငံမှာ Covid-19 ရောဂါကြောင့် လူတွေသေတာ မြှုပ်လို့ မနိုင်တော့လို့တဲ့ဗျာ မကယ်နိုင်တဲ့အလ္လာဟ်ကို လမ်းပေါ်ထွက် ဆန္ဒပြကုန်ကြတယ်ဆိုတဲ့ အချက်အလက် ဟာ အမှားဖြစ်ပြီး ပီရူးနိုင်ငံက Plaza San Martín ရှေ့မှာ ပီရူးနိုင်ငံသား ဆုတောင်းကြတာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၇ ရက်က အဖြစ်အပျက်ဖြစ်တဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်နဲ့လည်း သက်ဆိုင်ခြင်းမရှိပါဘူး။

Title:အီရန်နိုင်ငံမှာ Covid-19 ရောဂါကြောင့်လူတွေသေတာ မြှုပ်လို့မနိုင်တော့လို့ လမ်းပေါ်ထွက် ဆန္ဒပြကုန်ပြီဆိုတဲ့သတင်းမှား
Fact Check By: Nayar MaungResult: False