
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ ပကရောက်ကျေးရွားအုပ်စု၊ မရှာဘိကျေးရွာရှိ တောင်သူတစ်ဦးရဲ့ သပြေပင်မှာ တွေ့ရတဲ့ ကံကောင်းစေတဲ့ မြွေတွေလို့ရေးသားမျှဝေထားတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ပေါင်း များစွာက ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။
မရှာဘိကျေးရွာက ဟင်းသီးဟင်းရွက်စိုက်တောင်သူ ဦးကွယ်လွယ်ထူးရဲ့ စိုက်ခင်းအတွင်းရှိ သပြေပင်မှာ တွေ့ရ တာဖြစ်ပြီး မြွေတွေဟာ ဘယ်ကရောက်လာမှန်းမသိကြောင်းနဲ့ ဇနီးက နွားနို့ နေ့တိုင်းတိုက်ပြီးနောက် ထီ သိန်း ၁ သောင်းဆုပေါက်တယ်လို့လည်း ရေးသားထားပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသား မျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ တွေ့ရပါတယ်။
“ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၊ ပကရောက်ကျေးရွားအုပ်စု၊ မရှာဘိကျေးရွာရှိ ဟင်းသီးဟင်းရွက်စိုက် တောင်သူ ဦးကွယ်လွယ်ထူး၏ စိုက်ခင်းအတွင်းရှိ သပြေပင်တွင် ပုံတွင်မြင်တွေ့ရသည့်အတိုင်း အစိမ်းရောင် မြွေများအုပ်စုလိုက် လာရောက်နေထိုင်ကြကြောင်းတွေ့ရှိရစဉ်။ တောင်သူ ဦးကွယ်လွယ်ထူးမှ ” မြွေတွေဘယ်က ဘယ်လိုရောက်လာတယ်ဆိုတာတော့မသိပါဘူး ဒါပေမယ့် ခြံထဲကိုရောက်လာချိန်ကတည်းက ကျနော်ဇနီးက နွားနို့နေ့စဉ်တိုက်ပေးပါတယ်။ ဟုတ်ကဲ့ ဘာတွေထူးခြားလဲဆိုတော့ မြွေတွေရောက်လာပြီး ၁လကြာတဲ့အခါ သိန်း တစ်သောင်းထီပေါက်ပါတယ်။ ပြီးတော့ မြွေတွေကို အစာလာကြွေးတဲ့လူတွေဆိုရင်လည်း ထီပေါက်၊ ချဲပေါက်ကြ၊ ကံစမ်းမဲတွေပေါက်ကြပါတယ်။ အခုနောက်ပိုင်း ဖေ့ဘုတ်ခေတ်ဆိုတော့ ဖေ့ဘုတ်ပေါ်မှာလဲ ရှယ်ကြပြုကြ လုပ်ကြပါတယ်။ ထူးခြားတာက ရှယ်တဲ့လူတွေ မြွေလို့ ကော်မက်ရေးတဲ့လူတွေပါ ထီတွေ၊ ချဲတွေ ပေါက်ကြ တာပါပဲ။
ရွှေမြန်မာတို့ရေ.. ယုံကြည်မှုအပြည့်နဲ့ မြွေလို့ ကော်မက်ရေးပြီး လိုရာစုတောင်းခဲ့ကြနော်။ နောက်လူတွေများများသိရအောင်လည်း ရှယ်ပေးကြပါနော်။ မြွေအစွမ်းဖြင့် ရွှေမြန်မာတွေချမ်းသာရမည်။
#မှော်ဘီပထမံဘဘအောင်၏ ဖေ့ဘုတ်စာမျက်နှာမှကူးယူဖော်ပြအပ်ပါသည်။”လို့ ရေးသားပြီး “Fashion Design”အမည်နဲ့ စာမျက်နှာက မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁၅ နာရီအတွင်း ပြန်လည်မျှဝေသူ ၁ ထောင် ၇ ရာကျော်ရှိပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ပထမဆုံးအနေနဲ့ ပုံတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာအောက်ပါအတိုင်းတွေ့ရပါတယ်။
ဒီပုံတွေဟာ အင်တာနက်မှာ နှစ်ချီပြီးတော့ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ပုံတွေဖြစ်တာတွေ့ရပြီး ဒီပုံတွေဟာ ဗီယက်နမ်နိုင်ငံ dong tam မြွေခြံကပုံဖြစ်တယ်လို့ ရေးသားထားတာတွေ့ရပါတယ်။
“တိဇန်(Tien Giang)ခရိုင် ဇောင်တန်း(Dong Tam)မြွေခြံသို့ သွားရောက်လည်ပတ်ခြင်း”လို့ ခေါင်းစဉ်တပ်ထားတဲ့ visavietnam.net က ၂၀၁၆ ခုနှစ်ဆောင်းပါးတစ်ပုဒ်မှာ ဒီပုံကို တွေ့ရပါတယ်။ ဒီနေရာမှာလည်း လေ့လာနိုင်ပါ တယ်။ ခရီးသွားတွေ သွားရောက်လေ့လာလေ့ရှိတဲ့ Dong Tam မြွေခြံအကြောင်း ဒီလင့်ခ်မှာလည်း လေ့လာနိုင်ပါတယ်။
မူရင်းလင်ခ့် – Visavietnam | Archive link
အခြားဓာတ်ပုံတစ်ပုံဟာလည်း ဗီယက်နမ်နိုင်ငံ Dong Tam မြွေခြံကပဲဖြစ်ပါတယ်။ ဒီလင့်ခ်မှာလေ့လာနိုင် ပါတယ်။
မှော်ဘီမြို့နယ်ထဲ ရွာတစ်ရွာက တောင်သူတစ်ဦးရဲ့ သပြေပင်မှာတွေ့ရတဲ့မြွေတွေအဖြစ်မျှဝေနေတဲ့ ဓာတ်ပုံနဲ့ ဗီယက်နမ်နိုင်ငံ Dong Tam မြွေခြံကဓာတ်ပုံဆိုတာတွေကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်က ရွာတွေထဲမှာ “ပကရောက်ကျေးရွားအုပ်စု”အမည်နဲ့ မရှိသလို “မရှာဘိကျေးရွာ”ဆိုတဲ့ အမည်လည်းမရှိတာတွေ့ရပါတယ်။အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ မှော်ဘီမြို့နယ်ရဲ့ အထွေထွေအချက်အလက်တွေကို ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်ရ မှော်ဘီမြို့၊ ပကရောက်ကျေးရွားအုပ်စု၊ မရှာဘိကျေးရွာက တောင်သူတစ်ဦးရဲ့ စိုက်ခင်းထဲက သပြေပင်မှာ တွေ့ရတဲ့မြွေတွေအဖြစ်မျှဝေနေတဲ့ ဓာတ်ပုံတွေဟာ ဗီယက်နမ်နိုင်ငံ Dong Tam မြွေခြံက ဓာတ်ပုံတွေဖြစ်ပြီး မှော်ဘီမြို့နယ်မှာ “ပကရောက်ကျေးရွားအုပ်စု”၊ “မရှာဘိကျေးရွာ”လို့လည်း မရှိတာတွေ့ရပါတယ်။

Title:မှော်ဘီမှာတွေ့ရတဲ့ ကံကောင်းစေတဲ့မြွေတွေအဖြစ် သတင်းမှား ဖြန့်ဝေ
Fact Check By: Nayar MaungResult: False