မင်းကင်းမှာ PDF စခန်းတစ်ခု မီးရှို့ဖျက်ဆီးမှုဆိုပြီးတော့ ဓာတ်ပုံ ၃ ပုံနှင့်အတူ မျှဝေထားရာမှာ ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံ ၃ ပုံမှာ အဝေးမှာ မီးလောင်နေတဲ့ မြင်ကွင်း၊ လူ ၃ ယောက်မှောက်လျှက်သားဖမ်းဆီးထားပုံနဲ့ လက်လုပ်သေနတ်အနည်းငယ်ကို စီတန်းရိုက်ထားတဲ့ ဓာတ်ပုံတွေပါဝင်ပါတယ်။

သို့သော် မီးလောင်နေတဲ့ဓာတ်ပုံဟာ မင်းကင်းမြို့နယ် ဘင်ကျေးရွာ မီးရှို့ခံရမှုက ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။ “ဖေဖော်ဝါရီ ၂၊ ၂၀၂၂။

အင်အား၃၀၀ကျော်ရှိသော မင်းကင်းpdf စခန်းတဲတွေကို တပ်တော်မှတိုက်ခိုက်ပီး

PDF၃၅ဦးကိုဖမ်းဆီးမိသွား

PDFအမျိုးသား၃ဦးနားထင်

စနိုက်ပါမှန်သေဆုံး

စခန်းအားမီးရှိုဖျက်ဆီးခဲ့

#စွန်ရဲ

”လို့ “အစိမ်းရောင် ချစ်သူ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၄၀၀ ကျော်ရှိပါတယ်။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

အဝေးမှာ မီးခိုးတန်တွေမြင်ရတဲ့ ဓာတ်ပုံပါအမှတ်တံဆိပ်ကိုလေ့လာကြည့်မယ်ဆိုရင် မြေလတ်အသံ သတင်းဌာနကဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ မြေလတ်အသံသတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းတွေကို ရှာဖွေကြည့်ရာမှာ ဖေဖော်ဝါရီ ၂ ရက်စွဲနဲ့ အောက်ပါအတိုင်း ရေးသားထားပါတယ်။

“စစ်ကိုင်းက ရွာတရွာမှာ စစ်တပ်က နေအိမ် ၁၀၀ ကျော်ကိုမီးရှို့၊ ရွာသား ၃ ဦးပါ အသတ်ခံရ

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဘင်ကျေးရွာက နေအိမ် ၁၁၀ ကို ဖေဖော်ဝါရီ ၁ ရက်မနေ့က စစ်ကောင်စီနဲ့ပျူစောထီးပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အင်အား ၃၀၀ ပါတဲ့ အဲ့ဒီတပ်ဖွဲ့တွေက နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာအပြင် ရွာသား ၃၅ ဦးကိုလည်း လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားပြီး၊ အမျိုးသား ၃ ဦးကတော့ အသတ်ခံလိုက်ရတယ်လို့ ဘင်ကျေးရွာရဲ့ ဒေသခံတဦးကပြောပါတယ်။

“ဆိပ်ကမ်းမှာရှိတဲ့တဲတိုက်တွေကအစ မီးရှို့သွားတယ်၊ဘင်ကျေးရွာကမပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် မိန်းမတွေ၊ ကလေးတွေ စုစုပေါင်း လူဦးရေ ၃၅ ယောက်ဝန်းကျင်ကို ပန်းဆက်တောင်ဖြူရွာဘက်က ပျူတွေနဲ့စစ်ကောင်စီတွေက လူသားဒိုင်အဖြစ်ဖမ်းဆီးသွားတယ်၊ “ လို့သူကပြောပါတယ်။

ရွာရဲ့ ၃ ပုံ ၂ ပုံက မီးရှို့ခံထားရပြီး၊ ဘင်ကျေးရွာသားတွေအနေနဲ့လည်း ဘေးလွတ်ရာကိုတိမ်းရှောင်နေရတာကြောင့် လက်ရှိအချိန်မှာ စားနပ်ရိက္ခာနဲ့ဆေးဝါးတွေလိုအပ်နေတယ်လို့လည်း ဒေသခံတွေဆီကသိရပါတယ်။

#မြေလတ်အသံ”

မူရင်းလင်ခ့် – မြေလတ်အသံ - Myaelatt Athan | Archive link

အခြားသော ဓာတ်ပုံ ၂ ပုံကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သတ်ခြင်းရှိမရှိ Fact Crescendo အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းမရှိပါဘူး။

သုံးသပ်ချက်

မြေလတ်အသံသတင်းဖော်ပြချက်ပါ ဖေဖော်ဝါရီ ၁ ရက်က မင်းကင်း ဘင်ကျေးရွာက နေအိမ်တွေမီးရှို့ခံရမှုကို PDF စခန်းမီးရှို့မှုအဖြစ် မျှဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။

Avatar

Title:Fact Check: ဒီဓာတ်ပုံက မင်းကင်းမှာPDF စခန်းအားမီးရှို့ဖျက်ဆီးမှုလား-မဟုတ်ပါ

Fact Check By: Nayar Maung

Result: Misleading