နေပြည်တော် စစ်ဆေးရုံကို AA တိုက်ခိုက်မှုမှာ အများအပြားထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာတွေ့ရတယ်။ သတင်းတုသာဖြစ်တယ်။
ယူကျူ့မှာ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုအစပြသတဲ့ ရုပ်ကတ်စာသားဓာတ်ပုံရော ဗွီဒီယိုထဲအသံဖိုင်နဲ့ ဖတ်ကြားမှုမှာပါ နေပြည်တော် စစ်ဆေးရုံတခု ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ဆေးရုံတက်နေတဲ့ စစ်သည် လူနာတွေ ထိခိုက်သေဆုံးမှုများ ရှိခဲ့တယ်လို့ ဆိုထားပါတယ်။
“နေပြည်တော် စစ်ဆေးရုံ အေအေ ဒရုန်းနဲ့ အကြီးကျယ်တိုက်ခိုက်၊ စစ်သည်လူနာ(၁၇၇)ဦး သေဆုံးပြီး ဒဏ်ရာရလူနာပိုများနေ”

အချက်အလက်စိစစ်ချက်
ဒီလို နေပြည်တော် စစ်တပ်ဆေးရုံတိုက်ခိုက်ခံရပြီး အများအပြားသေဆုံးတဲ့ သတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေ ဒီရက်ပိုင်းအတွင်း ဖော်ပြချက် တစုံတရာ မတွေ့ရပါဘူး။
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသား ပြောဆိုမှု တွေနဲ့ သတင်းမီဒီယာ တွေက သတင်းတွေကို ရောနှော ဖြန့်ချိတဲ့နေရာဖြစ်တယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
ပြီးခဲ့တဲ့ လပိုင်းမှာပဲ နေပြည်တော် စစ်ဆေးရုံကို အာရက္ခတပ်တော်( AA)တိုက်ခိုက်မှု လူပေါင်း ၃၀၀ ကျော် သေဆုံးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ဒီယူကျူ့ချန်နယ်က ဖြန့်ဝေခဲ့ပါသေးတယ်။
Fact Check: နေပြည်တော် စစ်ဆေးရုံကို AA တိုက်ခိုက်မှု လူပေါင်း ၃၀၀ ကျော် သေဆုံးတဲ့ သတင်းတု
သုံးသပ်ချက်
စစ်သားအများအပြားသေဆုံးခဲ့တဲ့ နေပြည်တော် စစ်ဆေးရုံကို တိုက်ခိုက်မှုအကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက် တစုံတရာမရှိပါဘူး။ ဒီအကြောင်းအရာကို ဖြန့်ဝေထားတဲ့ “Khit Thit Thadin”ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုမှုတွေ ဖြန့်ဝေနေတဲ့နေရာဖြစ်တာတွေ့ရပါတယ်။ ဒီအတွက်ကြောင့် နေပြည်တော် စစ်တပ်ဆေးရုံ တိုက်ခိုက်ခံရမှု သတင်းကို သတင်းတုအဖြစ်သတ်မှတ်ပါတယ်။

