
ယူကရိန်းက စတီးစက်ရုံထဲကနေ နေတိုး(မြောက်အတ္တလန်စစ်စာချုပ်အဖွဲ့-North Atlantic Treaty Organization)ဗိုလ်ချုပ်ကြီး ၆ ယောက် ယူကရိန်းမှာ လက်နက်ချအဖမ်းခံရ တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။
တကယ်တော့ အတည်ပြုနိုင်တဲ့ အထောက်အထားတစ်စုံတစ်ရာမတွေ့ရပါဘူး။
“စတီးစက်ရုံထဲက နေတိုးဗိုလ်ချုပ်ကြီး ခြောက်ယောက် ဒီနေ့ လက်နက်ချအဖမ်းခံလိုက်တယ်,
ရုရှားကဒါကို လိုချင်လို့ မြေအောက်ခန်းတွေကို ဗုံးနဲ့ ထိုးမခွဲတာ ထိုးခွဲလို့သေရင် တရာခံမရဘူး သူလိုချင်တာ အရှင်လတ်လတ်တွေပဲ”စသည်ဖြင့်ရေးသားပြီး “Kyaw Naing” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက ဓာတ်ပုံ ၂ ပုံနှင့်အတူ အောက်ပါအတိုင်း မျှဝေထားပါတယ်။ ဓာတ်ပုံတစ်ပုံမှာဆိုရင် စစ်သုံပန်းတွေလို့ယူဆရတဲ့ သူတွေထဲက တစ်ဦးကို အနီရောင်နဲ့ဝိုင်းပြလျှက် ရုရှားထံလက်နက်ချအညံ့ခံခဲ့တဲ့ အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး Eric Olson ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီး မြောက်အတ္တလန်စစ်စာချုပ်အဖွဲ့(North Atlantic Treaty Organization-Nato)က ဗိုလ်ချုပ်ကြီး ၆ ဦးလက်နက်ချတယ်ဆိုတဲ့အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ နိုင်ငံတကာ သတင်းဌာနတွေမှာအနေနဲ့သတင်းဖော်ပြချက်တစ်စုံတစ်ရာမတွေ့ရပါဘူး။ ပွဲတက်စစ်ဝတ်စုံနဲ့ အရာရှိဟာ အမေရိကန်ရေတပ် ဗိုလ်ချုပ်ကြီး Eric Olson ဖြစ်ပြီး သူဟာ ၂၀၁၁ ခုနှစ်ကတည်းက တာဝန်ကအနေ အနားယူထားသူဖြစ်ပါတယ်။ ၁၉၅၂ ခုနှစ်မှာမွေးဖွာခဲ့တဲ့ ဗိုလ်ချုပ်ကြီး Eric Olson ဟာလက်ရှိအချိန်မှာအသက် ၇၀ ရှိပြီဖြစ်ပါတယ်။
ထို့အပြင် Google မှာ ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ ၂၀၁၄ ခုနှစ်အတွင်း လူဟန်(Luhansk)ဒေသမှာ ယူကရိန်း ထိုးစစ်ကြောင့်သေဆုံးသူတွေအောက်မေ့ဖွယ်အခမ်းအနားကို ယူကရိန်းစစ်သုံပန်းတွေကို ခေါ်လာတဲ့ ဓာတ်ပုံ ဖြစ်တာတွေ့ရပါတယ်။
ရုရှားသတင်းဌာန စပွန်းနစ်(Sputnik)က ဓာတ်ပုံစာသားနေရာမှာ အောက်ပါအတိုင်းရေးသားထားပါတယ်။
“၂၀၁၄ ခုနှစ် လူဟန်ပြည်သူ့သမ္မတနိုင်ငံတွင် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများအား အောက်မေ့ဖွယ် အခမ်းအနားသို့ ယူကရိန်း စစ်သုံ့ပန်းများတက်ရောက်ကြသည်။”

မူရင်းလင်ခ့် – Sputnik | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ နေတိုးဗိုလ်ချုပ်ကြီး ၆ ယောက် ယူကရိန်းက စတီးစက်ရုံထဲမှာ အဖမ်းခံရတယ်ဆိုတဲ့အချက်အလက်ဟာအထောက်အထားကင်းမဲ့ပါတယ်။ ထို့အပြင် အမေရိကန်ရေ တပ်ဗိုလ်ချူပ်ကြီး Eric Olson ဟာ ၂၀၁၁ ခုနှစ်ကတည်းက တာဝန်က အနားယူပြီးဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: နေတိုးဗိုလ်ချုပ်ကြီး ၆ ယောက် ယူကရိန်းမှာအဖမ်းခံရတယ်ဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: False