
အောက်တိုဘာ ၂ ရက်နေ့အထိ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 အတည်ပြုလူနာ ၃၄ သန်းကျော်ရှိလာပြီး သေဆုံးသူ တစ်သန်းထက်မနည်း ရှိလာချိန်မှာ မြန်မာနိုင်ငံမှာလည်း အောက်တိုဘာ ၂ ရက်နေ့အထိ အတည်ပြုလူနာပေါင်း ၁၅၅၂၅ ဦးနဲ့သေဆုံးလူနာ ၃၅၃ ဦးရှိပြီဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ ပြည်တွင်းကလည်း COVID-19 ပျောက်ကင်းဆေးဆိုပြီးတော့ ကြေညာထားတဲ့ ပို့စ်တစ်ခုတွေ လူမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ ဒီလိုမျှဝေလျက်ရှိတဲ့ပို့စ်အပေါ်မှာ ဟာသအနေနဲ့ ရှူမြင်မျှဝေနေကြသူတွေရှိကြသလို မှတ်ချက်တွေ ကြည့်မယ်ဆိုရင် ယုံကြည်သူတွေလည်း ရှိပါတယ်။ ဆက်သွယ်ရန်ဖုန်းနံပါတ်ကိုလည်း အခုကြေညာမှာ ထည့်သွင်းထားတာတွေ့ရပါတယ်။
Fact Crescendo Myanmar အချက်အလက်စိစစ်ချက်အရ အောက်တိုဘာ ၂ ရက်နေ့အထိ COVID-19 ကိုကာကွယ်နိုင်ကုသနိုင်တယ်လို့ အများပြည်သူကို ရောင်းချခွင့်ပေးထားတဲ့ ဆေးတစ်စုံတစ်ရာမရှိ သေးတာတွေ့ရပါတယ်။ လူထုအကြားမှာ ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ကိုဗစ်နိုင်(KOBITNAI MEDICAL SALT)ဆေးလျှက်ဆား အမည်နဲ့ ကြေညာကို အောက်ပါအတိုင်းမျှဝေထားတာ တွေ့ရပါတယ်။

အများပြည်သူအကြားမှာ ထင်ယောင်ထင်မှားဖြစ်စေတဲ့ ဒီသတင်းကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေ ခဲ့ကြ တာတွေ့ရပါတယ်။အလားတူ စိန် မိသားစု တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးကလည်း ထိပ်ကပ်နာရှူဆေး သည် COVID-19 ကို ကာကွယ်ပေးနိုင်သည်ဟု ဖေ့စ်ဘွတ်တွင် ကြေညာခဲ့တာတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
အခုလိုပျံ့နှံ့လျက်ရှိတဲ့ ကိုဗစ်နိုင်(KOBITNAI MEDICAL SALT)ဆေးလျှက်ဆားနဲ့ပတ်သက်ပြီး တိုင်းရင်းဆေး ပညာ ဦးစီးဌာနက အောက်တိုဘာ ရက်မှာ သုံးစွဲရန်မသင့်ဆေးအဖြစ်ကြေညာခဲ့တာတွေ့ရပါတယ်။
“ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါး များကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျ စစ်ဆေးလျက်ရှိပါသည်။
ယင်းသို့စစ်ဆေးရာတွင် လူမှုကွန်ယက်စာမျက်နှာ Facebook ပေါ်တွင် ရောင်းချလျက်ရှိသော အောက်ဖော်ပြပါ တိုင်းရင်းဆေးဝါးသည် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စစ်မှန်အစွမ်းထက်မှုကို အာမခံချက် မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန် မသင့်လျော်ကြောင်း အသိပေးအပ်ပါသည်”လို့ ကြေညာချက်မှာရေးသားထားပါတယ်။

ထုတ်ပြန်ကြေညာချက်မူရင်းလင့်ခ်ကို ကြည့်ရန်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့ COVID-19 နဲ့ပတ်သက်တဲ့ အများပြည်သူအတွက် အမေးအဖြေကဏ္ဏကို အောက်တိုဘာ ၂ ရက်နေ့ဝင်ရောက်ရှာဖွေကြည့်ရာမှာ လက်ရှိအချိန်အထိ ကာကွယ်၊ကုသနိုင်တယ်ဆိုတဲ့ ဆေးမရှိသေးကြောင်းရေးသားထားတာတွေ့ရပါတယ်။
အနောက်တိုင်းဆေး၊ တိုင်းရင်းဆေးနဲ့ အိမ်တွင်းဆေးမီးတိုတွေက COVID-19 ရောဂါလက္ခဏာကို သက်သာအောင်၊ ပျောက်အောင်ကုသပေးကောင်းပေးနိုင်ပေမဲ့ လောလောဆယ်အထိ ကာကွယ်နိုင်၊ ကုသနိုင်တယ်ဆိုတဲ့ ဆေးကို အချက်အလက်ခိုင်ခိုင်မာမာ မတွေ့ရသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကပြောကြားထားပါတယ်။ အနောက်တိုင်းဆေးအပါအဝင် တိုင်းရင်းဆေးနဲ့ ကုသတာ၊ ကာကွယ်တာတွေကို စမ်းသပ်မှုတွေတော့ရှိနေပြီး လူတွေနဲ့ စမ်းသပ်မှုပြီးစီးရင်ပြီးစီးချင်း ထုတ်ပြန်ပေးသွား မယ်လို့လည်းပြောကြား ထားပါတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက အခုလို COVID-19 ကို ကာကွယ်နိုင်တယ်၊ အမြစ်ပျက်ကုသနိုင်တယ်ဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက်အကြားမှာ ပျံ့နှံ့ခဲ့ဖူးပါတယ်။ လျှက်ဆားနဲ့ထုံးပွတ်ရှုရင် COVID-19 ပျောက်တယ်၊ COVID-19 ရောဂါအမြစ်ပြတ် ကုသမယ့် တိုင်းရင်းဆေးစသည်ဖြင့် လူမှုကွန်ယက်က သတင်းမှားတွေကို Fact Crescendo ကအချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ကိုဗစ်နိုင်လျှက်ဆားအပါအဝင် အနောက်တိုင်းဆေး၊တိုင်းရင်းဆေးနဲ့ အိမ်တွင်းဆေးမီးတိုတွေဟာCOVID-19 ရောဂါလက္ခဏာကို သက်သာအောင်၊ ပျောက်အောင် ကုသပေးကောင်း ပေးနိုင်ပေမဲ့ COVID-19 ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်၊ကုသနိုင်တယ်ဆိုပြီးတော့ အထောက်အထားခိုင်ခိုင်မာမာမရှိသေးတာတွေ့ရပါတယ်။

Title:COVID-19 ရောဂါပျောက်ကင်းဆေးတဲ့ တိုင်းရင်းဆေးဝါးအဖြစ် မျှဝေနေတဲ့ အချက်အလက်မှား
Fact Check By: Nayar MaungResult: False