
ရွေးကောက်ပွဲကာလအတွင်းက ထင်ယောင်ထင်မှားဖြစ်စေတဲ့ အချက်အလက်တွေနဲ့ သတင်းတုသတင်းမှားတွေ ဖန်တီးမျှဝေခဲ့ကြရာမှာ အချို့သောအကြောင်းအရာတွေကို ရွေးကောက်ပွဲအပြီးမှာ အချိန်ကာလနဲ့ ကိုက်ညီအောင် ရေးသားပြီး ထပ်မံမျှဝေနေတာတွေ့ရပါတယ်။ ဒီအထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီ(USDP)က ဦးသိန်းထွန်းဦးက ဟာသဝတ္ထုစာရေးဆရာ အကြည်တော် ကို သူရေးတဲ့ဝတ္ထုအတွက် တရားစွဲမယ်ဆိုတဲ့ ပို့စ်တစ်ခုလည်းပါဝင်ပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ NLD ပါတီကို အပြတ်အသတ်ရှုံးနိမ့်ရခြင်းမှာ အဓိက အကြောင်းအရင်းဟာ အကြည်တော်ရဲ့ “သူခိုး”အမည်နဲ့ စာအုပ်ကြောင့်ဖြစ်တယ်လို့ သုံးသပ်ရရှိလို့ ဦးသိန်းထွန်းဦးက တရားစွဲ ဆိုသွားမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။
သို့သော်လည်း ဒီလိုရေးသားမျှဝေနေတာဟာ သတင်းတုသတင်းမှားတစ်ခုဖြစ်တာကို Fact Crescendo Myanmar တွေ့ရပါတယ်။
လူမှုကွန်ယက်အသုံးပြုသူများကို နားလည်မှုလွဲစေနိုင်တဲ့ အရေးအသားတွေပါဝင်တဲ့ ပို့စ်ကို အောက်ပါ အတိုင်း တွေ့ရပါတယ်။ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။
“#အကြည်တော်ဘက်လှည့်သွားပြန်ပြီ
မိမိတို့ပြည်ခိုင်ဖြိုးပါတီ NLD ကိုမဲပြတ်ရှုံးနိမ့်
ရခြင်း၏အဓိက တရားခံအစစ်သည် စာရေးဆရာ အကြည်တော်ဖြစ်ပြီး သူ့ စာအုပ်တွင် ရေးသားထား ချက်များသည် စေ့စေ့တွေးလေ ရုပ်လုံးပေါ်လာလေဖြစ်ပြီး သူ၏နောက်ကွယ်တွင်ပါတီကြီးတစ်ခုခုပါဝင်ပါတ်သတ်နေဖွယ်ရှိသည်ဟု ပြည်ခိုင်ဖြိုး ပြောခွင့်ရဦးသိန်းထွန်းဦးကပြောသည်။
နာမည်တွေကိုအမှန်အတိုင်းတပ်မရေးထားတာကလွဲရင် အကုန်လုံးအကြောင်းအရာတွေက ကျွန်တော်တို့ကိုတိုက်ခိုက်ထားတာပဲဖြစ်ပါတယ်။ အဲ့ဒီ #သူခိုး စာအုပ်ထဲက ဥပမာတခုကိုပြရမယ်ဆိုရင် ( ရပ်ရွာလုံခြုံရေးကိုတာဝန်ရှိတဲ့သူကြီးပါကညောကို ကြက်
သမားနဲ့နှိုင်းတယ် ) သဘောက တိုင်းပြည်လုံခြုံရေးတာဝန်ရှိတဲ့ ကာချုပ်ကြီးကိုကြက်သမားပါကညော အဖြစ်ထည့်သွင်းစော်ကားထားတာတွေ့ရပါတယ်။
အဲ့ဒီစာအုပ်ကိုလည်း မနေ့က ကာချုပ်ကြီး ထံပေးပို့ပြီးဖြစ်ပါတယ်။တပ်မတော်အနေနဲ့ အရေးယူ/မယူဆိုတာကတော့မသိရသေးပါဘူး။ နိုင်ငံရေးမြေအောက်စာတွေနဲ့ရေးသားမှု့တွေနဲ့ပြည်ခိုင်ဖြိုးရဲ့အရှက်နဲ့ဂုဏ်သိက္ခာကို ပြည်သူတွေ အထင်လွဲအောင်ရေးသားတဲ့ အကြည်တော်ဆိုတဲ့စာရေးဆရာကို တပ်မတော်မှတရားစွဲတာနဲ့ ကျွန်တော်တို့ပြည်ခိုင်ဖြိုးပါတီကလည်းတရားထပ်စွဲသွားမှာဖြစ်ပါတယ်။
သိန်းထွန်းဦး comment
ရဲဇော် ”လို့ရေးသားပြီး “ရဲ ဇော်” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ြသဂုတ်လအတွင်းကလည်း စာရေးဆရာ အကြည်တော်ရဲ့ “သူခိုး”အမည်ရှိ ဝတ္ထုဟာ ပြည်ခိုင်ဖြိုးပါတီ ကို စောင်းမြောင်းရေးသားတဲ့အတွက် ဦးသိန်းထွန်းဉီးက စာပေစိစစ်ရေးကို တိုင်ကြားမယ်လို့ သတင်းတု ဖြန့်ခဲ့ပါသေးတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီ ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် ဦးသိန်းထွန်းဉီးကို Fact Crescendo Myanmar က တယ်လီဖုန်းနဲ့ ဆက်သွယ်အတည်ပြုခဲ့ရာမှာ ဒီလိုတိုင် ကြားမယ်ဆိုတာမဟုတ်ကြောင်းနဲ့ အကြည်တော်ရဲ့ သူခိုးဝတ္ထုကို မဖတ်ဖူးကြောင်း ပြောကြားခဲ့ပါတယ်။ ဒီလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
ထို့အပြင် ြသဂုတ် ၁ ရက်နေ့မှာလည်း ဦးသိန်းထွန်းဦးက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ ဖြစ်တဲ့ “Thein Tun Oo” အမည်နဲ့စာမျက်နှာက တစ်ဆင့်အောက်ပါအတိုင်း အသိပေးထားပါတယ်။
“ဖော်ပြပါ သတင်းအမှားကို မိမိနှင့် ပြည်ခိုင်ဖြိုးပါတီ၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် တမင်ကြံရွယ်ချက်ဖြင့် ဆောင်ရွက်ထားခြင်းကြောင့် စတင်ဖော်ပြသူနှင့် ကူးယူဖော်ပြသူများ ထပ်ဆင့်ဖြန့်ဝေသူများကို ဥပဒေနှင့်အညီ တရားစွဲဆိုသွားမည် ဖြစ်ပါသည်။”
မူရင်းလင်ခ့် – Thein Tun Oo | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ အကြည်တော်ရဲ့ “သူခိုး”ဝတ္ထုကြောင့် ရွေးကောက်ပွဲရှုံးရတယ်လို့ သုံးသပ်လို့ တရားစွဲမယ်လို့ ဦးသိန်းထွန်းဦးပြောကြားသကဲ့သို့ရေးသားချက်ဟာ သတင်းတုသတင်းမှား ဖြန့်ဝေနေခြင်း ဖြစ်ပါတယ်။

Title:Fact Check: “သူခိုး”အမည်နဲ့ ဝတ္ထုစာအုပ်အတွက် ဦးသိန်းထွန်းဦးက တရားစွဲ မယ်ဆိုတာမဟုတ်ပါ
Fact Check By: Nayar MaungResult: False