
လည်ပင်းမှာဆွဲထားရုံနဲ့ ကိုရိုနာဗိုင်းရပ်စ်မကူးစက်နိုင်ဘူးဆိုပြီး virus shut out တံဆိပ်နဲ့ လည်ဆွဲကတ်လေး တွေကို အွန်လိုင်းမှာရောင်းချနေတာတွေ့ရပါတယ်။
“ကိုယ်ခန္ဓာမှာ Virus တွေမကပ်နိုင်အောင်အသစ်တီထွင်ထုပ်လုပ်လိုက်တဲ့ Virus Shut Out လေးပါ အခုရက်ပိုင်းမှအသစ်ထွက်ရှိလာပြီး ဂျပန်အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်ထားတဲ့ပစ္စည်းလေးပါ ကလေး လူကြီးမရွေး အခုလိုအချိန်မှာ အသုံးပြုသင့် တဲ့ပစ္စည်းကောင်းလေးတစ်ခုပါ လူစည်ကားရာနေရာရုံး ကျောင်း အလုပ်တို့သွား တဲ့အခါမှာ လည်းပင်းလေးမှာဆွဲပေးထားရုံနဲ့ 3 မီတာ ပတ်လည်မှာရှိတဲ့ virus တွေကပ်မလာ နိုင်အောင် ကာကွယ်ပေးပါတယ် လည်ပင်းမှာဆွဲထားရုံမက စာရေးခုံ ကွန်ပြူတာအစရှိတဲ့ မိမိနဲ့အနီးတဝိုက်မှာ ရှိတဲ့ပစ္စည်းလေးတွေမှာလည်းချိတ်ဆွဲထားလို့ရ ပါတယ် လည်ပင်းမှာဆွဲထားရင်တော့အထိရောက်ဆုံး ကာကွယ်မှု ပေးနိုင်ပါတယ် ယခုလိုကူးစက်ရောဂါတွေဖြစ်ပွားနေချိမ် မနီးပတ်ဝန်းကျင်မှာရှိတဲ့ လူအချို့၏ နှာဆေးချောင်းဆိုး မှု လေထဲတွက်ပျံ့နှံ့လာသော မမြင်ရတဲ့ virus တွေကူးစက်မှုကို ဒီ Virus Shut Out လေးက ကာကွယ်ပေးပါ တယ်”ဆိုပြီး BaschiQuickSlimmingcapsulemyanmar အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ကြော်ငြာထား တာတွေ့ရပါတယ်။ Zin Mar Iss အမည်နဲ့စာမျက်နှာကလည်း အလားတူကြော်ငြာထား တာတွေ့ရပါတယ်။

Findlocal အမည်နဲ့ ဝက်ဆိုဒ်မှာလည်း ဗိုင်းရပ်စ်ကာကွယ်တယ်ဆိုပြီး အောက်ပါအတိုင်း ကြော်ငြာထားတာ တွေ့ရပါတယ်။

ဒီလည်ဆွဲကတ်ကလေးတွေ လည်ပင်းမှာ ချိတ်ဆွဲထားရုံနဲ့ အခုလက်ရှိဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်ပါသလား။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။
အချက်အလက်စိစစ်ချက်
အခုရောင်းချနေတဲ့ ဗိုင်းရပ်စ်ရှောင်ကွင်းလည်ဆွဲများဆိုတဲ့ အိတ်ခွံပေါ်မှာ တံဆိပ်ကို ကြည့်ရင် toamit ဆိုတဲ့ ဂျပန်ကုမ္ပဏီတစ်ခုက ထုတ်လုပ်တယ်ဆိုတာတွေ့ရှိရပါတယ်။ Google မှာ အဓိကစကားလုံးတွေဖြစ်တဲ့ “Virus Shut Out” ဆိုပြီးရှာကြည့်တဲ့အခါမှာ ဒီပစ္စည်းကို အမေရိကန်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအေဂျင်စီ(EPA) က အမေရိကမှာ ရောင်းဝယ်ခွင့်ပိတ်ထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

နယူးယောက်တိုင်းမ်းသတင်းဌာနကလည်း ရောင်းချသူတွေကို အမေရိကန်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီက တရားစွဲဖို့လုပ်နေပြီး ဒီအိတ်တွေထဲမှာ ကလိုရင်းဒိုင်အောက်ဆိုဒ်ပါဝင်ပြီး ဒီပစ္စည်းဟာ အစွန်းချွတ်ဆေးတစ်မျိုးဖြစ်ပါတယ်လို့လည်း ရေးသားထားတာကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
ဗိုင်းရပ်စ်ဗေဒပညာနဲ့ ခုခံအားပညာရပ်ဆိုင်ရာအထူးကျွမ်းကျင်သူ Dr. Ariane Davison က ကိုလိုရင်း ဒိုင်အောက်ဆိုဒ်ဟာ မျက်နှာပြင်တွေကို ပိုးမွှာသန့်စင်ရာမှာ အထူးကောင်းမွန်တဲ့ ပစ္စည်းဖြစ်ပေမဲ့ ဒီလည်ဆွဲ ဆွဲထားရုံနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ကနေ သင့်ကိုကာကွယ်နိုင်မှာမဟုတ်ဘူးလို့ ပြောကြားထားကို အောက်ပါ လင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
“လည်ပင်းမှာ ဒီပစ္စည်းကို ဆွဲထားရမယ်။ covid က နာခေါင်းနဲ့ ပါးစပ်ကနေကူးတာ။ ဒီပစ္စည်းက လည်ပင်းမှာရှိနေတာမို့ နှာခေါင်းနဲ့ရော ပါးစပ်နဲ့ပါမနီးပါဘူး။ မျက်နှာနဲ့အနီးကပ်ထားမယ်ဆိုရင်တော့ ကလိုရင်းဒိုင်အောက်ဆိုဒ်က အရမ်းစားတတ်တဲ့ ပစ္စည်းဖြစ်တဲ့အတွက် အသက်ရှုလမ်းကြောင်းကို ပြင်းပြင်းထန်ထန်ထိခိုက်စေတာ၊ မျက်စီယာယံတာ၊ အရေးအပြားလောင်ကျွမ်းတာတွေဖြစ်စေပါတယ်”လို Dr. Ariane Davison ကပြောကြားထားပါတယ်။

ဂျပန်နိုင်ငံစားသုံးသူဆိုင်ရာဌာနကလည်း ဒီလိုဗိုင်းရပ်စ်ကာကွယ်ရေးပစ္စည်းပတ်သက်ပြီး အရေအပြား လောင်ကျွမ်းတာ မျိုးဖြစ်စေတဲ့အတွက် ဒီပစ္စည်းထုတ်တဲ့ကုမ္ပဏီတွေကို ပြန်သိမ်းဖို့ ကြေငြာချက်ထုတ်ထား တာတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါ အချက်အလက်စိစစ်ချက်တွေအရ Virus Shut Out အမည်နဲ့ ရောင်းချနေတဲ့ ပစ္စည်းတွေဟာ အသက်ရှုလမ်းကြောင်းနဲ့ ပါးစပ်ကတစ်ဆင့် အဓိကကူးစက်တဲ့ ဗိုင်းရပ်စ်ကို ကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။ ဒါကြောင့် လည်ပင်းမှာ ချိန်ဆွဲထားရုံနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်တယ်ဆိုတာ သတင်းမှားသာဖြစ်ပါတယ်။

Title:အွန်လိုင်းမှာရောင်းချနေတဲ့ ဗိုင်းရပ်စ်ရှောင်လည်ဆွဲက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်နိုင် ဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: False