
WWE နပန်းသမားဂျွန်ဆီနာ(John Cena)ဟာ ကိုဗစ်-၁၉ ရောဂါနဲ့ ရုတ်တရက်ကွယ်လွန်သွားတယ်ဆိုပြီးတော့ လူမှုကွန်ယက် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။
သို့သော်လည်း ဒီသတင်းဟာ မှားယွင်းပါတယ်။ ဓာတ်ပုံတွေဟာလည်း ပြီးခဲ့တဲ့နှစ်များအတွင်း အကြောင်းအရာ အမျိုးမျိုးနဲ့ ပျံ့နှံ့လျက်ရှိခဲ့တဲ့ ပုံဟောင်းတွေဖြစ်ပါတယ်။
“John Cena သည် ပြီးခဲ့သောရက်သတ္တပတ်တည်းက Covid 19ရောဂါ ကူးစက်ခံစားနေခဲ့ရခြင်းဖြစ်သည်။ 11.8.2021 ညနေ ၆နာရီချိန်တွင် NewYork အထွေထွေဆေးရုံကြီး၌ဆေးကုသမှုခံယူရင်းရုတ်တရက် အောက်ဆီ ဂျင်ကျကာ နှလုံးရပ်တံ့သေဆုံးသွားခဲ့သည်။”လို့ရေးသားပြီး “Aung Soe Paing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေ အရေအတွက် ၂ ထောင် ၂ ရာကျော်ရှိပါတယ်။တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ပြီးခဲ့တဲ့နှစ်များအတွင်းအကြောင်းအရာမျိုးစုံနဲ့ ပျံ့နှံ့ခဲ့ဖူးတဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။ ပထမဆုံး ဓာတ်ပုံဟာ နပန်းသမားနဲ့သရုပ်ဆောင် Duane Johnson ၂၀၂၀ ခုနှစ်ဖေဖော်ဝါရီလထဲမှာ သူ့အဖေရဲ့ ဈာပနတုန်းက လာတုန်းကပုံဖြစ်ပါတယ်။ ဒီလင်ခ့်မှာ လေ့လာနိုင်ပါတယ်။
နောက်ထပ် John Cena ရဲ့ဈာပနအခမ်းအနားအဖြစ်ဖော်ပြထားတဲ့ ဓာတ်ပုံကို Tineye မှာ ပုံရှာနည်းအသုံးပြုရှာ ဖွေရှာ ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂ ရက်မှာ ကွယ်လွန်သွားခဲ့တဲ့ စူပါမန်းမင်းသား ခရစ်စတိုဖာ ဒန်းနစ် (Christopher Dennis)ရဲ့ ဈာပနအခမ်းအနားဓာတ်ပုံကို ပြုပြင်ဖန်တီးထားခြင်းဖြစ်တာတွေ့ရပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။
ထို့အပြင် John Cena ဟာ “11.8.2021 ညနေ ၆နာရီချိန်တွင် NewYorkအထွေထွေဆေးရုံကြီး၌ဆေးကုသမှု ခံယူရင်း ရုတ်တရက် အောက်ဆီ ဂျင်ကျကာ နှလုံးရပ်တံ့သေဆုံးသွားခဲ့သည်။” လို့ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ ရေးသားထားပါတယ်။ သို့သော်လည်း John Cena ဟာ သူ့ရဲ့ တရားဝင် twitter လူမှုကွန်ယက်စာမျက်နှာမှာ ြသဂုတ် ၁၃ ရက်နေ့မှာ “သင်ရှင်သန်ရပ်တည်မှုအပေါ်မှာ လူတိုင်းက ထင်မြင်ချက်အမျိုးမျိုးပေးနိုင်ပါတယ်။ သို့သော်လည်း သင့်ရဲ့ထင်မြင်ချက်က အရေးပါဆုံးအချက်ဖြစ်နေဖို့လိုပါတယ်။”လို့ အဓိပ္ပာယ်ရတဲ့ စာသားပို့စ် တစ်ခု တင်ခဲ့ပါသေးတယ်။
မူရင်းလင်ခ့် – John Cena | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ John Cena ဟာ ကိုဗစ်-၁၉ ရောဂါနဲ့ ရုတ်တရက်ကွယ်လွန်သွားတယ်ဆိုတာ မဟုတ်ပါဘူး။ ဓာတ်ပုံတွေဟာလည်း အကြောင်းအရာအမျိုးမျိုးနဲ့ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေ ဖြစ်တာ တွေ့ရပါတယ်။

Title:WWE နပန်းသမား John Cena ကိုဗစ်ရောဂါဖြင့် ရုတ်တရက် ကွယ်လွန် တယ်ဆိုတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: False