အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က မြန်မာနိုင်ငံကို အပြီးသတ် အမိန့်ချလိုက်ပြီလို့ဆိုထားတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတု ဖြစ်ပါတယ်။

“TepPon News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဒီဇင်ဘာ ၁၃ ရက်မှာ အောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။ “ICJ အပြီးသတ် အမိန့်ချလိုက်ပြီ”လို့ရေးသားထားသလို ဖြန့်ဝေနေတဲ့ ဗွီဒီယိုမှာလည်း “ (၁၃) ရက်နေ့ ICJ အပြီးသတ် အမိန့်ချပြီ နစက ဉက္ကဌပါသွားပြီ”လို့လည်း ရေးသားထားပါတယ်။

မူရင်းလင်ခ့် – FB link | Archive link

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ဗွီဒီယိုပါအကြောင်းအရာတွေဟာ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ ရိုဟင်ဂျာတွေ အပေါ် မြန်မာစစ်တပ်က ကျူးလွန်ခဲ့မှုတွေအတွက် အာဂျင်တီးနားမှာ တရားစွဲဆိုမှုကို အာဂျင်တီးနားတရားရုံး က ၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်မှာလက်ခံလိုက်တဲ့အကြောင်း ဖော်ပြချက်သာဖြစ်ပါတယ်။ ယခု ဗွီဒီယိုပါအသံဖိုင် ဟာ ယင်းအမှုကို အာဂျင်တီးနားတရားရုံးကလက်ခံအပြီးမှာ VOA Burmese သတင်းဌာနက ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့ BROUK ဉက္ကဌ ဦးထွန်းခင်ကို ဆက်သွယ်မေးမြန်းမှုဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

ထို့အပြင် တဖက်မှာလည်း အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက ဆွဲဆိုထားတဲ့ လူမျိုးတုန်း သတ်ဖြတ်မှုကာကွယ်ရေးဆိုင်ရာစာချုပ်မှာ လက်မှတ်ထိုးထားတဲ့နိုင်ငံတစ်နိုင်ငံအနေနဲ့ လိုက်နာ ရန်ပျက်ကွက်မှု ဆိုပြီးတရားစွဲဆိုထားပါတယ်။ ဒီအမှုဟာ ကြားနာနေဆဲအဆင့်ဖြစ်ပြီး တစ်စုံတရာဆုံးဖြတ်ချက် မရှိပါဘူး။ တရားရုံးနောက်ဆုံး ဆုံးဖြတ်ချက်ကတော့ ၂၀၂၂ ခုနှစ် ဇူလိုင်မှာ ၂၂ ရက်စွဲနဲ့ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုမှာ လက်ခံကြားနာခွင့်ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

၂၀၂၁ ခုနှစ်ထဲမှာ အာဂျင်တီးနားတရားရုံးက မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေနဲ့ပတ်သက်တဲ့ စွဲချက်ကို လက်ခံကြားနာဖို့ဆုံးဖြတ်ခဲ့တဲ့အကြောင်း သတင်းဖော်ပြချက်ကို ယခုအဖြစ်အပျက်သဖွယ်ရေးသား ဖော်ပြနေသလို ခေါင်းစဉ်လွဲနဲ့ ICJ ကကြားနာနေတဲ့အမှုမှာ အဆုံးအဖြတ်ပေးပြီးသယောင်ရေးသားမျှဝေနေခြင်း ဖြစ်ပါတယ်။ အမှု ၂ မှုစလုံးမှာ မြန်မာနိုင်ငံအ‌ပေါ်ဆုံးဖြတ်ချက်တစ်စုံတရာမရှိသေးပါဘူး။ပြောဆိုချက် - ICJ က မြန်မာနိုင်ငံကို အပြီးသတ် အမိန့်ချလိုက်ပြီး နစကဉက္ကဌကို ဖမ်းမိန့်ထုတ်

Avatar

Title:Fact Check: ICJ တရားရုံးက မြန်မာနိုင်ငံအပေါ် အပြီးသတ်အမိန့်ချ နစက ဉက္ကဌကိုဖမ်းဆီးဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင်

Result: False