
ဆွီဒင်နိုင်ငံဟာ လိင်ဆက်ဆံခြင်းကို အားကစားအဖြစ် တရားဝင်သတ်မှတ်ပေးလိုက်ပြီဖြစ်ပြီး European Sex Championship ပြိုင်ပွဲကို ဇွန် ၈ ရက်နေ့မှာ ကျင်းပပေးသွားတော့မှာဖြစ်တယ်လို့ဆိုပြီး ဖြန့်ဝေမှုတွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။
အောက်ပါစာသားကတော့ ဇွန် ၅ ရက်ကစတင်ပျံ့နှံ့လာတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသား ကောက်နုတ် ချက်ဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံဟာ လိင်ဆက်ဆံမှုကို အားကစားတစ်ခုအဖြစ် တရားဝင်အတည်ပြုလိုက်ကြောင်းနဲ့ လိင်ဆက်ဆံခြင်းကို အားကစားတစ်ခုအနေနဲ့ ကြေညာတဲ့ ကမ္ဘာ့ပထမဆုံးသော နိုင်ငံဖြစ်လာကြောင်းနဲ့ လိင်ဆက်ဆံပြိုင်ပွဲတွေကို ဇွန် ၈ ရက်မှာ ပြုလုပ်သွားဖို့ရှိကြောင်းနဲ့ ဥရောပနိုင်ငံပေါင်း ၂၀ က ပါဝင်ယှဉ်ပြိုင်ဖို့ စာရင်းပေးထားပြီး ဖြစ်ကြောင်းရေးသားထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရ ပါတယ်။ Shwe Innlay အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာတော့ ပြိုင်ပွဲအသေးစိတ်နဲ့ အမှတ်ပေးစည်းမျဉ်းအကြောင်း၊မတူညီတဲ့ခေါင်းစဉ် ၁၆ မျိုးနဲ့ ပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်နိုင်မယ့်အကြောင်းဖော်ပြပါတယ်။

တကယ်ပဲ ဒီပြိုင်ပွဲရှိသလား။ ဆွီဒီနိုင်ငံကရော တရားဝင်လက်ခံကျင်းပတာလားဆိုတာ ဆန်းစစ်ကြည့်ရအောင်ပါ။
အချက်အလက်စိစစ်ချက်
ဒီသတင်းဟာ Times of India နဲ့ CNBCTV18 တို့လို အိန္ဒိယအခြေစိုက် နာမည်ကြီးသတင်းဌာနအချို့က ဖော်ပြချက်နဲ့အတူ ပိုမိုကျယ်ပြန့်လာခဲ့တာဖြစ်တယ်။သို့သော်လည်း ဒီသတင်းဌာနတွေ ဖော်ပြခဲ့တဲ့ သတင်းတွေကို ဖြုတ်ချခဲ့ပြီး ပြန်လည်ပြင်ဆင်ဖော်ပြခဲ့ကြပါတယ်။ CNBCTV18 က ဇွန် ၆ရက်နေ့လည်ပိုင်းမှာအောက်ပါအတိုင်း သတင်းကို ပြန်လည်ဖော်ပြပါတယ်။
“အစောပိုင်းသတင်းဖော်ပြမှုတွင် သီးခြားအတည်ပြု၍မရသော အစီရင်ခံစာများကို ကိုးကားရေးသားခဲ့မိသည်။ အဆိုပြုထားသည့် ပြိုင်ပွဲသည် လျှောက်လွှာတင်ဆဲဖြစ်ပြီး ဖောင်မပြည့်စုံသောကြောင့် ပယ်ချခံခဲ့ရသည်ဟု ဆွီဒင်သတင်းအေဂျင်စီ Goteborgs-Posten ကဆိုသည်။”စသည်ဖြင့်ဖော်ပြခဲ့သလို ဆွီဒင်အခြေစိုက် Goteborgs-Posten ကသတင်းကို ပြန်လည်ကိုးကားဖော်ပြခဲ့ပါတယ်။

ထို့အပြင် ဆွီဒင်သတင်းဌာနတစ်ခုဖြစ်တဲ့ Goteborgs-Posten က မူရင်း ဆွီဒင်ဘာသာနဲ့ဖော်ပြချက်ကို Google Translate အသုံးပြုပြီး အင်္ဂလိပ်သို့ဘာသာပြန်ဆိုကြည့်ရာမှာ “ဆွီဒင်လိင်ဖက်ဒရေးရှင်းကို အမျိုးသား အားကစားအဖွဲ့ချုပ်က အသိအမှတ်မပြု”လို့ သတင်းရေးသားခဲ့တာတွေ့ရပါတယ်။ ဒီအဖွဲ့ကို တည်ထောင်လိုသူဟာ အဖော်အချွတ်ကလပ်တွေပိုင်ဆိုင်ထားတဲ့ ဒရက်ဂန်ဘရာတစ်(Dragan Bratic) ဆိုတဲ့အမျိုးသားတစ်ဦးဖြစ်ပြီး သူဟာ လိင်ဆက်ဆံမှုကိုလည်း အားကစားဖြစ်စေလိုနေသူဖြစ်တယ်လို့ ဒီသတင်းမှာရေးသားပါတယ်။

မူရင်းလင်ခ့် – Goteborgs-Posten | Archive link
ဆွီဒင်နိုင်ငံဟာ လိင်ဆက်ဆံမှုကို အားကစားအဖြစ် အသိအမှတ်ပြုလိုက်တာ၊ ဆွီဒင်လိင်အဖွဲ့ချုပ်ကို အသင်း အဖွဲ့အဖြစ် အသိအမှတ်ပြုလိုက်တယ်ဆိုတာဟာ သတင်းမှားဖြစ်ပြီး ဆွီဒင်အားကစားလောကကို ပုံဖျက်လိုတဲ့ သဘောဖြစ်တယ်လို့ ဆွီဒင်အားကစားအဖွဲ့ချုပ်က တရားဝင် ငြင်းဆိုခဲ့ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဆွီဒင်နိုင်ငံဟာ လိင်ဆက်ဆံခြင်းကို အားကစားအဖြစ် တရားဝင် သတ်မှတ် ပေးလိုက်တယ်ဆိုတာမှားယွင်းပါတယ်။ ထို့အပြင် ဆွီဒင်လိင်အဖွဲ့ချုပ်ကို အဖွဲ့အဖြစ်လက်ခံဖို့ လျှောက်ထားမှုကို အချက်အလက်မပြည့်စုံတဲ့အတွက်ဆိုကာ ဆွီဒင်အားကစားအဖွဲ့ ချုပ်ကလက်ခံခြင်းမရှိပါဘူး။
ပြောဆိုချက်-ဆွီဒင်နိုင်ငံဟာ လိင်ဆက်ဆံခြင်းကို အားကစားအဖြစ် တရားဝင် အတည်ပြုလိုက်တယ်

Title:Fact Check: လိင်ဆံဆက်ခြင်းကို အားကစားတစ်ခုအဖြစ် ဆွီဒင်က တရားဝင်လက်ခံ သလား-မဟုတ်ပါ
Written By: နေရာမောင်Result: False