Fact Check: ဒေါ်အောင်ဆန်းစုကြည် အိမ်ပြန်ရောက်ပြီဆိုတဲ့ သတင်းမှား

False နိုင်ငံရေး

နိုင်ငံတကာက ဖမ်းဆီးထားသူတွေကို လွှတ်ပေးရေးတောင်းဆိုနေတဲ့ကြားထဲက စစ်တပ်က စွပ်စွဲမှုအများနဲ့  ဇွန်လထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပုံစံချထားရာကနေ နေပြည်တော်အချုပ်ထောင်ကို ပို့ဆောင်ခဲ့ပါတယ်။ ထောင်ကိုပို့အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို မူလနေရာပြန်ထားဖို့ အာဆီယံ အထူး ကိုယ်စားလှယ်က စာထုတ်တောင်းဆိုခဲ့ပါသေးတယ်။

ဒီလိုအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွတ်မြောက်လာပြီ ရန်ကုန်အိမ်ပြန်ရောက်ပြီဆို တဲ့ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားတစ်ခုသာဖြစ်တာတွေ့ရပါတယ်။

“အမေပြန်လွတ်လာပြီဟေ့#သိပြီးကျပြီလား”လို့ ရေးသားပြီး လင့်ခ်တစ်ခုကို “whjkyu” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ လူထုတွေကြားက ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ မြဝတီသတင်းဌာနကသတင်းကြေညာသူပုံ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်တို့ရဲ့ ဓာတ်ပုံတွေပေါ်မှာ “၁၂ ရက် ကွင်းလုံးကျွတ်လွတ်ပြီ အမှုအားလုံး ရုတ်သိမ်းကြောင်း ယနေ့ ကြေညာလိုက်ပြီ”လို့ရေးသားထားပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

ထို့အတူ “ရန်ကုန်ကအိမ်ကိုရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်”လို့ရေးသားပြီး ဇူလိုင် ၇ ရက်မှာ “3M News”ကအမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုတစ်ခုဖော်ပြခဲ့ရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့သူပေါင်း တစ်သိန်းငါးသောင်းကျော်ရှိပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

အလားတူမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာ တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

စစ်တပ်ပိုင် မြဝတီသတင်းဌာနကို သတင်းဖော်ပြချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။ ပြီးခဲ့တဲ့ သတင်း ၂ ပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သတ်တဲ့ သတင်းတစ်စုံတစ်ရာမတွေ့ရပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်က သူမနေအိမ် ခြံအမှတ် ၅၄ ကို ပြန်ပို့လိုက်ပြီးဆိုတော့ ကနဦးသတင်းတွေ ထွက်ပေါ်ခဲ့တာတွေ့ရပါတယ်။ အထူးသဖြင့် သူမရဲ့ပါတီအသိုင်းအဝိုင်းကို ကိုးကားပြီးရေးသားခဲ့တာဖြစ်ပြီး  DVB TV News နဲ့ Ayeyarwaddy Times သတင်းဌာနကဖော်ပြခဲ့တာတွေ့ရပါတယ်။ သို့သော်လည်း Ayeyarwaddy Times သတင်းဌာနကသတင်းမှားယွင်းကြောင်းပြန်လည်ဖော်ပြခဲ့ပါတယ်။ 

ဇူလိုင် ၇ ရက်မှာပဲ ဘီဘီစီမြန်မာပိုင်းက စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ တရားရုံးနဲ့ နီးစပ်သူ တွေကိုကိုးကားပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်အိမ်ခြံအမှတ် ၅၄ မှာ ပြောင်းရွှေ့ထားတယ်ဆိုတဲ့ သတင်းမဟုတ်မမှန်ကြောင်းရေးသားပါတယ်။

ထို့အပြင် အခုဖြန့်ဝေနေတဲ့ သတင်းမှားပါ ဒေါ်အောင်ဆန်းစုကြည် လူတွေနဲ့စကားပြောနေတဲ့ဓာတ်ပုံဟာလည်း ၂၀၂၂ ခုနှစ် ဇွန် ၁၉ ရက်မှာ ဘီဘီစီမြန်မာပိုင်းက ” ဒေါ်အောင်ဆန်းစုကြည် – တစ်ကျော့ပြန် နေအိမ်အကျယ် ချုပ်ကာလ ဖြတ်သန်းမှု”ဆိုတဲ့ဆောင်းပါးတစ်ပုဒ်မှာအသုံးပြုထားတဲ့ဓာတ်ပုံဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်အတွင်းက လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ သတင်းစာဆရာဦးဝင်းတင်ရဲ့ နာရေးကိုရောက်ရှိလာတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ Getty Images ရဲ့ ဒီလင်ခ့်မှာကြည့်ပါ။

မူရင်းလင်ခ့် – Getty ImagesArchive link  

“ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေသူများကို ရန်ကုန် ခြံအမှတ် (၅၄) ကို ပြန်လည်ပို့ဆောင်”ဆိုတဲ့ လွတ်လပ်တဲ့ အာရှအသံသတင်းဌာနက သတင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို မူလထိန်းသိမ်းထားတဲ့နေအိမ်မှာပဲ ပြန်ထားဖို့တောင်းဆိုချက်တွေကိုလည်း လိုက်လျောမှာမဟုတ်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင်လ ၁ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါသေးတယ်။

မူရင်းလင်ခ့် – RFA BurmeseArchive link  

သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်အိမ်ကိုပြန်ရောက်နေပြီဆိုတာမဟုတ်ပါဘူး။ နေပြည်တော်အချုပ်ထောင်မှာပဲ စစ်တပ်ကစွဲဆိုထားတဲ့ လက်ကျန်အမှုတွေကို ဆက်လက် တရားရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ သူနဲ့အတူနေခဲ့ သူတွေကို ရန်ကုန်နေအိမ်ခြံအမှတ် ၅၄ ကို ပြန်လည်ပို့ဆောင်ပေးခြင်းပဲဖြစ်ပါတယ်။ 

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည် အိမ်ပြန်ရောက်ပြီဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *