
ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်တို့ ပြန်လွတ်လာပြီး အသက်ရှင်လျှက်တွေ့ရလို့ ပြည်သူတွေအံ့သြကုန်တယ်လို့ ရေးသားထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်း ဖြစ်ပါတယ်။ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့ ၄ ဦး ကြိုးပေးကွပ်မျက်မှုကို စစ်တပ်ဘက်ကအတည်ပြုထားပြီးဖြစ်သလို မီဒီယာတွေမှာလည်းဖော်ပြပြီးဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာပဲ “ကိုဂျင်မီတို့ကိုဒီနေ့အသက်ရှင်လျှက်တွေ့ရလို့ပြည်သူတွေ အံ့သြကုန်။” ပို့စ်စာသားမှာ ရေးသားပြီး ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ ၂ ဦးရဲ့ ဓာတ်ပုံပေါ်မှာလည်း “ကိုဂျင်နဲ့ကိုဖြိုးမသေပဲ အသက်ရှင်လျက် ဒီနေ့ထွက်လာလို့ ပြည်သူတွေအံ့ဩကုန်”လို့ ထပ်မံရေးသားဖြန့်ဝေနေတာဖြစ်ပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ နဲ့ ဒီနေရာ မှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဒီပို့စ်တွေမှာမျှဝေထားတဲ့ ဘလော့ဂ်ပို့စ်လင့်ခ်တွေကို ထောက်ကြည့်လိုက်မယ်ဆိုရင် ယူကျူ့ ဗွီဒီယိုဖိုင်တစ်ခုကို ဦးတည်သွားပါတယ်။ ဘလော့ဂ်နဲ့ယူကျူ့ကနေ ကြော်ညာထိုးခတွေနဲ့ ဝင်ငွေရှာနေတဲ့ မီဒီယာပုံစံလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေက ဖြန့်ဝေနေတာဖြစ်ပါတယ်။ ဗွီဒီယိုဖိုင်ကို ဝင်ကြည့်မယ်ဆိုရင်တော့ သတင်းဌာနတွေမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ မကွေးတိုင်း ကျောမြို့က ပုထိုးလုံ ရေနံမြေဓာတ်အားပေးစက်ရုံက ဝန်ထမ်း ၂၄ ဦးကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့မှာ ယောကာကွယ်ရေးတပ် (YDF) ဖမ်းဆီးခဲ့တဲ့သတင်းဖြစ်တာတွေ့ရပါတယ်။
တကယ်တော့ ကိုဖြိုးဇေယျာ်သော်နဲ့ ကိုဂျင်မီတို့ကို ပြစ်ဒဏ်စီရင်ပြီးဖြစ်တယ်လို့ စစ်တပ်အာဏာပိုင်တွေက အတည်ပြုပြီးဖြစ်သလို သူတို့ထိန်းချုပ်ထားတဲ့ သတင်းဌာနတွေမှာလည်း ကြေညာပြီးဖြစ်ပါတယ်။
ဒီလင်ခ့်၊ဒီလင့်ခ်တွေမှာလည်းကြည့်နိုင်ပါတယ်။ ဩဂုတ် ၄ ရက်နေ့ကလည်း ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်မသေ သေးဘူးလို့ NUGအတည်ပြုဆိုတဲ့ သတင်းတုဖြန့်ဝေခဲ့ပါသေးတယ်။ Fact Crescendo Myanmar ကအချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာကြည့်ပါ။
သုံးသပ်ချက်
လင့်ခ်ကိုဝင်ကြည့်တဲ့နှုန်းများအောင် လူတွေစိတ်ဝင်စားဖွယ်ခေါင်းစဉ်အတုတွေပေး၊ လူမှုကွန်ယက်အသုံးပြုသူ တွေကို လှည့်စားထားတဲ့ ဘလော့ဂ်စာမျက်နှာ၊ ယူကျူ့ဗွီဒီယိုချန်နယ်တွေနဲ့ ချိတ်ဆက်ထားပြီး ဝင်ငွေရှာနေတဲ့ ဘလော့ဂ်စာမျက်နှာတွေမှာ ဒီအကြောင်းအရာတွေကို မျှဝေနေခြင်းဖြစ်ပါတယ်။

Title:Fact Check: ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်ပြန်လွတ်လာဆိုတဲ့ သတင်းတုသတင်းမှား
Fact Check By: Nayar MaungResult: False