
၆ လအတွင်းတော်လှန်ရေး မအောင်ရင်အရှက်နဲ့ရင်ဆိုင်ရမယ်လို့ မန်းဝင်းခိုင်းသန်းပြောဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုတစ်ခုဖြစ်ပါတယ်။
သတင်းစာဖြတ်ပိုင်းပါ သတင်းပုံစံဖန်တီးတဲ့ သတင်းခေါင်းစဉ်မှာ”တော်လှန်ရေးအား လာမည့် ၆ လအတွင်း အောင်မြင်စွာ အဆုံးသတ်ရန်နှင့် မအောင်မြင်ပါက အရှက်နှင့်သာ ရင်ဆိုင်ရနိုင်ကြောင်း မန်းဝင်းခိုင်သန်းပြော”လို့ ရေးသားထားသလို သတင်းစာသားရဲ့အစမှာ “အောက်တိုဘာလ ၁၉ ရက်က ကျင်းပသည့် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၂၈/၂၀၂၁) တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။”လို့လည်း ရေးသားထားပါတယ်။
“Htun Aung Hlaing” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
“အောက်တိုဘာလ ၁၉ ရက်က ကျင်းပသည့် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၂၈/၂၀၂၁) တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။”လို့လည်း ရေးသားချက်ကိုပထမဆုံးဆန်းစစ်ကြည့်ရအောင်ပါ။ အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့(NUG)ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ၂၀၂၁ ခုနှစ်အောက်တိုဘာ ၁၉ ရက်က အစည်းအဝေး တစ်ခုလုပ်ခဲ့တာတွေ့ရပြီးအောက်ပါအတိုင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။
“ပြည်ထောင်စုဝန်ကြီးချုပ်က ဒီတစ်ပတ်အတွင်းမှာတော့ တော်လှန်ရေးအတွက် အားတက်စရာ သတင်းတွေ ကြားရတာများကြောင်း၊ မနေ့ကဆိုရင် အကျဉ်းထောင်တွေမှာ မတရားဖမ်းဆီးခံထားရတဲ့ အပြစ်မဲ့ ပြည်သူ (၁၃၁၆)ဦး ၊ မတရားသဖြင့် တရားစွဲဆိုခံနေရသူ (၄၃၂၀) ဦးတို့ ပြန်လည်လွတ်မြောက်လာတယ် ကြားသိရလို့ ကာယကံရှင်များအတွက် အင်မတန်ဝမ်းသာမိပါကြောင်း၊ ဒါတွေဟာ ပြည်တွင်းပြည်ပက ကျတော်တို့ ပြည်သူတွေ ကြိုးစားရုန်းကန်မှုရဲ့ရလဒ်ပဲဖြစ်ကြောင်း၊ ဆက်လက်ပြီး ကျတော်တို့ရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတကြီးဦးဝင်းမြင့်အပါအဝင် ကျန်ရှိနေသေးတဲ့ အပြစ်မဲ့အကျဉ်းချခံထား ရသူတွေအားလုံးလည်း အမြန်ဆုံးလွှတ်မြောက်နိုင်ဖို့ကြိုးစားအားထုတ်ကြရမှာဖြစ်ကြောင်း၊ အခုဆိုရင် ပြည်သူတွေနဲ့အတူ့ ဝန်ကြီးဌာနတွေနဲ့ သံအမတ်ကြီးရဲ့ဘက်ပေါင်းစုံက ကြိုးပမ်း အားထုတ်မှုတွေကြောင့် နိုင်ငံတကာအခြေအနေတွေကလည်း တဖြေးဖြေးချင်း အားတက်စရာတွေရှိလာတာ တွေ့ရကြောင်း၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းဆိုရင်လည်း ကမ္ဘာ့ကုလသမဂ္ဂ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံ ရဲ့လက်ရှိအခြေအနေတွေ ကမ္ဘာကသိအောင် တောက်လျှောက်ပြောကြားနေပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနတို့ရဲ့ အားထုတ်မှုတွေ ကလည်း အားရစရာကောင်းကြောင်း၊ တစ်ဘက်က ပြည်တွင်းအခြေအနေမှာလည်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြတဲ့တပ်မတော်သားတွေ၊ ရဲဝန်ထမ်းတွေက ပိုပိုများလာတယ်လို့ကြားသိရကြောင်း၊ ပြည်သူ့ခုံခံကာကွယ်စစ်ကြေညာပြီး တစ်လအတွင်းမှာ တပ်မတော်သား ၄၂၉ ယောက်၊ ပြည်သူ့ရဲ ၃၃၄ ယောက် ပြည်သူ့ဘက်ကို ပူးပေါင်းလာကြတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာထားတာတွေ့ရကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့လည်း ပြီးခဲ့တဲ့တစ်ပတ်က CDM ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး ဒီတစ်ပတ်မှာတော့ မီးသတ်ဝန်ထမ်းများကိုယ်စားပြုကော်မတီ နဲ့အထွေထွေအုပ်ချုပ်ရေးဌာန CDM ဝန်ထမ်းများအုပ်ချုပ်ရေး ကော်မတီတို့ကို ထပ်မံဖွဲ့စည်းဆောင်ရွက်နိုင်တာလည်း တွေ့ရတာမို့ ကျတော်တို့အစိုးရရဲ့လုပ်ငန်းစဉ်တွေဟာ ပိုမိုပြီး စနစ်တကျတွေဖြစ်လာကြောင်း၊ အခုဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ယူလာခဲ့ကြတာ (၆)လရှိသွားပြီမို့ မိမိတို့ဝန်ကြီး ဌာနများရဲ့ လုပ်နိုင်စွမ်းတွေကို ပြန်လည်သုံးသပ်ကြပြီး လိုအပ်ချက်ရှိတဲ့အပိုင်းတွေပြင်ဆင်ကြဖို့လိုကြောင်း၊ နောက် (၃) လအတွင်း ဘာတွေအောင်မြင်အောင်လုပ်ကြမလဲ ပြင်ဆင်ကြဖို့လိုအပ်ကြောင်း၊ နောက် (၆) လဆိုရင် ကျတော်တို့အောင်မြင်မှုတွေနဲ့ ဒီတော်လှန်ရေးကို ဘယ်လိုအဆုံးသတ်ကြမလဲ ဝိုင်းဝန်းကြိုတင်စဉ်းစား ထားကြရတော့မှာဖြစ်ကြောင်း၊ အခက်အခဲတွေကို တောင့်ခံပေးနေကြတဲ့ပြည်သူတွေအတွက် စဉ်စားပြီး ပိုအားစိုက်ကြိုးပမ်းကြဖို့ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများအားလုံးကို တိုက်တွန်းချင်ကြောင်း၊ဆက်လက်၍ တော်လှန်ရေးရဲ့ ပထမဆုံးနဲ့အရေးအကြီးဆုံးထောက်တိုင်တွေဖြစ်သော CDM များနှင့်ပါတ်သတ်၍ တော်လှန်ရေးစကတည်းက အခက်အခဲမျိုးစုံနဲ့တောင့်ခံပေးနေကြသော CDM များဟာ အင်မတန် လေးစားစရာကောင်းကြောင်း၊ ကျတော်တို့ဘက်က ပြည်စုံအောင် မဖြည့်ဆည်းပေးနိုင်မှုတွေ အတွက်လည်း အားနာပြီးစိတ်မကောင်းဖြစ်ရကြောင်း၊ သူတို့တွေအတွက် စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုများ၊ ရုပ်ပိုင်းဆိုင်ရာထောက်ပံ့မှုများ ဖြည့်ဆည်းပေးရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနလက်ကိုင်မရှိတဲ့ CDM ဝန်ထမ်းတွေလည်း ဝန်ကြီးချုပ်ရုံးက စနစ်တကျတာဝန်ယူ ကူညီပံ့ပို့ဆောင်ရွက်နိုင်ဖို့လည်း စီစဉ်ပြီးဖြစ်ကြောင်းများ ပြောကြားခဲ့ပါတယ်။
(ထုတ်ပြန်ချက်ထဲပါ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောတယ်ဆိုတဲ့စကားလုံးတွေဖြစ်ပါတယ်)
မူရင်းလင်ခ့် – — | Archive link
အစည်းအဝေးမှာ အစိုးရသက်တမ်း ၆ လရှိပြီးဆိုတဲ့အကြောင်းပြောဆိုချက်တွေတွေ့ရပါတယ်။ အားနည်းချက် အားသာချက်တွေကို ပြန်လည်သုံးသပ်ရမယ်လို့ ပြောကြားချက်တွေလည်းတွေ့ရပါတယ်။ သို့သော်လည်း သတင်းစာပုံစံနဲ့ အတုပြုလုပ်ထားတဲ့ ဖြတ်ပိုင်းထဲမှာပါတဲ့ စကားလုံးတွေမပါဝင်ပါဘူး။
သုံးသပ်ချက်
၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၉ ရက်ကလုပ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ အစည်းအဝေး (၂၈/၂၀၂၁) ကိုအကြောင်းပြုပြီး သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ တရားဝင်ထုတ်ပြန်ချက်မှာ ဒီလိုပြောကြားခဲ့တယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။ သတင်းစာဖြတ်ပိုင်းပုံစံဟာလည်း ဆော့ဝဲလ် တစ်ခုကို အသုံးပြုပြီး အတုပြု လုပ်ထားခြင်းဖြစ်ပါတယ်။

Title:Fact Check: ၆ လအတွင်းတော်လှန်ရေး မအောင်ရင် အရှက်နဲ့ရင်ဆိုင်ရမယ်လို့ မန်းဝင်းခိုင်းသန်းပြောဆိုတဲ့သတင်းတု
Fact Check By: Nayar MaungResult: False