Fact Check: ကန့်ဘလူ ပျူစောထီးခေါင်းဆောင် ဦးဝါသဝ သေဆုံးမှု သတင်းတု

False နိုင်ငံရေး | Politics

ကန့်ဘလူက သင်္ဃန်းဝတ် ပျူစောထီးခေါင်းဆောင် ဦးဝါသဝ သေဆုံးသွားပြီ၊ စခန်းကျသွားပြီ၊ လက်နက်ချပြီ ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်နဲ့ ယျူကျူ့ချန်နယ်တွေမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက စာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဩဂုတ် ၁၅ ရက်ကမျှဝေထားတဲ့ ဒီဗွီဒီယိုကို ကြည့်ရှု့မှုပေါင်း ၃ ‌သောင်း‌ကျော်ရှိပါတယ်။

“August 15,ဦးဝါသဝ ပွဲသိမ်းသွားပြီ”

မူရင်းလင်ခ့် – Youtube link  | Archive link

အလားတူ ရေးသားမျှဝေမှုကို ဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ကန့်ဘလူအခြေစိုက် ၅၅၀ ဆရာတော်လို့ လူသိများခဲ့တဲ့ မဘသ ခေါင်းဆောင် ဦးဝါသဝဟာ စစ်တပ် ထောက်ခံသူ အဖြစ် လူသိများခဲ့ရာကနေ စစ်အာဏာသိမ်းအပြီး လက်နက်ကိုင်တော်လှန်ရေးပေါ်‌ပေါက်လာ ချိန်မှာ စစ်တပ်က ဒေသတွင်းတော်လှန်ရေးအင်းအားစုတွေကို ထိန်းချုပ်ဖို့အတွက် ပျူစောထီး သို့မဟုတ် ပြည်သူ့ စစ်ဆိုပြီး ဖွဲ့စည်းချိန်မှာ သင်္ဃန်းဝတ်နဲ့ လက်နက်ကိုင်တွေကို ဦးဆောင်ဖွဲ့စည်းပေးခဲ့ပြီး တက်တက်ကြွကြွနဲ့ ဆောင်ရွက်ခဲ့သူဖြစ်တယ်။  စစ်တပ်က သူတို့ကို ဆန့်ကျင်တဲ့ ရွာတွေကို မီးရှို့ဖျက်ဆီးချိန်မှာ PDF ထောက်ခံတဲ့ရွာတွေကို မြန်မာ့မြေပုံပေါ်က ဖယ်ရှားပစ်မယ်လို့ သူက ကျုံးဝါး ခဲ့သူဖြစ်တယ်။ 

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကလည်း တန်ပြန်တဲ့အနေနဲ့ ပျူစောထီးအပါအဝင် စစ်ကောင်စီကို သစ္စာခံတဲ့ လက်နက်ကိုင်အင်အားစုတွေကို စစ်ရေးနည်းလမ်းအရ အရေးယူမယ်လို့ ကြေညာခဲ့ပြီး ဦးဝါသဝကိုလည်း တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့တာရှိပါတယ်။ ၂၀၂၂ ခုနှစ် အောက်တိုဘာက တိုက်ခိုက်မှုမှာ ဦးဝါသဝဟာ ထိခိုက်ဒဏ်ရာအချို့ရရှိခဲ့ပေမဲ့ အသက်ဘေးကလွတ်ကင်းခဲ့ပါတယ်။ သို့ပေမဲ့ အခုချိန်အထိလည်း သူဟာ စစ်ကောင်စီအတွက်အလုပ်လုပ်ပေးနေဆဲဖြစ်တယ်။

အခု ဦးဝါသဝ လက်နက်ချပြီ၊ ဇာတ်သိမ်းသွားပြီဆိုတဲ့ ဗွီဒီယိုတွေကိုလေ့လာကြည့်ရာမှာ ဂန့်ဂေါနဲ့ ပုလဲနယ်က ဘူးလက်လှဆွေရဲ့ ပျူစောထီးရွာတွေမှာ လူသုံးကုန်ပစ္စည်းပြတ်လတ်မှုနဲ့ အငတ်‌ဘေးစိုက်နေတာကြောင့် စစ်တပ်က နယ်မြေရှင်းလင်းပေးဖို့ ပျူစောထီး ဆရာတော် တပါးတောင်းဆိုမှုအကြောင်း၊ တိုက်ပွဲသတင်းအချို့နဲ့ ဖားကန့်မှာ မြေပြိုလို့ ရေမဆေးသမားအချို့ မျောပါပျောက်ဆုံးတဲ့သတင်း စတဲ့ သတင်းအချို့သာပါဝင်ပါတယ်။ 

သုံးသပ်ချက်

သတင်းခေါင်းစဉ်တုတပ်ပြီး သတင်းတွေကို ဖြန့်ချိလေ့ရှိတဲ့ ယူကျူ့နဲ့ ဖေ့စ်ဘွတ်အကောင့်တွေရဲ့ ဖြန့်ချိမှု သာဖြစ်တယ်။ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မှော်တောရွာဘုန်းကြီးကျောင်းက ကျောင်းထိုင် ဘုန်းကြီးဖြစ်သူ ပျူစောထီး ခေါင်းဆောင် ဦးဝါသဝဟာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ရွာတွေဖြစ်လာဖို့ သူ့နယ်မှာ လိုက်လံ စည်းရုံးဟောပြောမြဲဖြစ်ပြီး သူသေဆုံးခြင်းမရှိသလို လက်နက်ချတယ်ဆိုတာမဟုတ်ပါဘူး။

ပြောဆိုချက်- ကန့်ဘလူ ပျူစောထီးခေါင်းဆောင် ဦးဝါသဝ သေဆုံး

Avatar

Title:Fact Check: ကန့်ဘလူ ပျူစောထီးခေါင်းဆောင် ဦးဝါသဝ သေဆုံးမှု သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *