စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားသူ လူရွှင်တော် ဝိုင်းကျော်ရဲ့ နာရေးကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၅၀ ကျော်ထိခိုက်သေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။

အောက်ပါစာသားတွေနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယို ပါစာသားကောက်နုတ်ချက် ဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာလည်း လူရွှင်တော်ဝိုင်းကျော် နာရေးကို စစ်ကောင်စီ လေတပ်က ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၅၀ ကျော်လောက် သေဆုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

“လူရွှင်တော်ဝိုင်းကျော် နာရေးကို စစ်ကောင်စီ လေတပ်က ဗုံးကြဲတိုက်ခိုက်”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ကွယ်လွန်သူ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်သူ လူရွှင်တော် ဝိုင်းကျော်ရဲ့ နောက်ဆုံးခရီးကို မေ ၂၄ ရက် နေ့လယ် ၁၂ နာရီက ထိုင်းနိုင်ငံ မဲဆောက်မြို့ ကျောင်းကြီး​ ဘုန်း​တော်ကြီး​ကျောင်းမှာ ရေစက်ချ တရားနာခဲ့ပြီး မွန်းလွဲ ၁၂ နာရီခွဲမှာ မယ်တော်ဆေးခန်းအနီးက ဝပ်မုတ်ကထန် သုဿန်ဆီ ပို့ဆောင် သဂြိုဟ်ခဲ့တယ်လို့ MPATV ကဖော်ပြပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရမှုအကြောင်းဖော်ပြချက်မရှိပါဘူး။

အခုလိုမျိုး ထိုင်းနိုင်ငံ မဲဆောက်မြို့က ဝိုင်းကျော်ရဲ့ နောက်ဆုံးခရီးကို မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်တဲ့ဆိုတဲ့ သတင်းကို တခြားသတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Daily”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ ‌သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး လိုအပ်သလို ခေါင်းစဉ်တုတပ်ကာ ပြန်လည် ဖြန့်ဝေနေတာတွေ့ရသလို ဗွီဒီယိုထဲမှာလည်း လုပ်ကြံသတင်းကို ကြားညှပ်ကာ ဖတ်ကြားလေ့ရှိ တာလည်း တွေ့ရ ပါတယ်။

အခုလည်း ဗွီဒီယိုထဲမှာ အခြားသောသတင်းတွေအဖြစ် ရန်ကုန်ခေတ်သစ်သတင်းဌာနက မေ ၁၉ ရက်မှာ ဖော်ပြခဲ့တဲ့ “ရွှေဘိုမြို့ အမှတ် ၅ ရပ်ကွက်တွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး”၊ “နွားထိုးကြီးမြို့နယ်၊ ထန်းတောမရွာတွင် တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး”၊ “စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာအနီး တပ်စွဲထားသော စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး”၊ “မင်းတုန်းမြို့နယ်ရှိ စစ်တပ် စွဲထားသော နေရာကို အင်အားဖြည့်ရန် လာသည့် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား”၊ “ကျီခါးမြို့ ကို ချင်းပြည်တော်လှန်ရေးအစိုးရတပ်များက သိမ်းပိုက်လိုက်ပြီး တွန်းဇံမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေကာ မကြာမီ သတင်းကောင်းကြားရမည်ဟုဆို” စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။

သုံးသပ်ချက်

ဗွီဒီယိုဖိုင်အဖွင့်နဲ့ ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်မှာ စစ်အာဏာသိမ်း ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူနဲ့ လူရွှင်တော် ဝိုင်းကျော် နာရေးကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် လူအများအပြား သေဆုံးခဲ့တဲ့ သတင်းဟာ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ မေ ၁၉ ရက်စွဲနဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြပြီး သတင်းခေါင်းစဉ်ကို လိုအပ်သလို ရေးသားဖြန့်ဝေနေခြင်းဖြစ်တယ်။

ပြောဆိုချက်- စစ်အာဏာသိမ်းဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူနဲ့ လူရွှင်တော် တိုင်းကျော် နာရေးကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ၅၀ ကျော်သေဆုံး

Avatar

Title:Fact Check: လူရွှင်တော် ဝိုင်းကျော်နာရေး စစ်တပ်က ဗုံးကြဲဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင်

Result: False