
ဒေါက်တာဇော်ဝေစိုးနဲ့ ဦးရည်မွန်ဟာ နွေဦးတော်လှန်ရေးအတွက် ဒေါ်လာ ၁၂ သန်းကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တယ်ဆိုပြီးတော့ရေးသားထားတဲ့ ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံပို့စ်မှာ ပုံနှိပ်မီဒီယာတစ်ခုက သတင်းဖော်ပြထားတဲ့ သတင်းဖြတ်ပိုင်းကို ပြန်လည်မျှဝေဟန်ရှိပြီး မဲခေါင်းသတင်းဌာနက ရေးသားထားတဲ့သတင်းအဖြစ်လည်းဖော်ပြထားပါတယ်။
“သက်ထားမဉ္ဇူ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဒီဓာတ်ပုံပို့စ်ကို မျှဝေထားတာအောက်ပါ အတိုင်းတွေ့ရပါ တယ်။ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အမှန်တကယ်မှာ ဒီလိုသတင်းဌာနတစ်ခုက ဖော်ပြဟန်ရေးသားမျှဝေထားတဲ့ ဓာတ်ပုံပို့စ်ဟာ သတင်းတုမျှဝေနေခြင်းသာဖြစ်ပါတယ်။
အချက်အလက်ရှာဖွေကြည့်ရာမှာ မဲခေါင်သတင်းဌာနအမည်နဲ့ ပုံနှိပ်ထုတ်ဝေတဲ့ သတင်းမီဒီယာလုပ်ငန်းကို Fact Crescendo အနေနဲ့ မတွေ့ရပါဘူး။ သို့သော်လည်း ဖေ့စ်ဘွတ်မှာ “MeKong News – မဲခေါင်သတင်း” အမည်နဲ့ သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်တဲ့ စာမျက်နှာတစ်ခုတွေ့ရပါတယ်။ ဒီဖေ့စ်ဘွတ်စာမျက်နှာမှာလည်း ဒီစာမျက်နှာ မှာလည်း အလားတူသတင်းဖော်ပြချက်မျိုး မတွေ့ပါဘူး။ မဲခေါင်သတင်းဌာန တည်ထောင်သူ ကိုဉာဏ်လင်းထက် ကလည်း ပုံနှိပ်ထုတ်ဝေခြင်းမရှိသလို ဒီလိုအလားတူသတင်းမျိုးရေးသား ဖော်ပြခဲ့ခြင်း မရှိကြောင်းကိုအတည်ပြု ထားပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ(National Unity Government- NUG)ရဲ့ ဝန်ကြီး ၂ ယောက်ဖြစ်တဲ့ ဒေါက်တာ ဇော်ဝေစိုးနဲ့ ဦးရည်မွန်တို့နဲ့ ပတ်သက်ပြီး သတင်းတုမကြာခဏ ဖြန့်ဝေခံရတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒေါက်တာဇော်ဝေစိုးနဲ့ ဦးရည်မွန်တို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားလို့ မဲဆောက်ကနေ ချင်းမိုင်ကို ရထားစီးထွက်ပြေးခဲ့တယ်လို့ ရေးသားပြီး ယခုလို သတင်းတုပျံ့နှံ့ခဲ့ပါသေးတယ်။ Fact Crescendo က အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာလေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
ဒေါက်တာဇော်ဝေစိုးနဲ့ ဦးရည်မွန်ဟာ ဒေါ်လာ ၁၂ သန်းအလွဲသုံးစားလုပ်ပြီးထွက်ပြေးနေတယ်ဆိုတဲ့အချက်ဟာ သတင်းတုဖြန့်ဝေနေခြင်းဖြစ်ပါတယ်။

Title:ဒေါက်တာဇော်ဝေစိုးနဲ့ဦးရည်မွန်ကို တိုက်ခိုက်တဲ့ သတင်းတု
Fact Check By: Nayar MaungResult: False