Fact Check: စစ်ခေါင်းဆောင် ရုတ်တရက်သေဆုံးကြောင်းထုတ်ပြန်ကြေညာတဲ့ သတင်းတု

False နိုင်ငံရေး | Politics

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(န.စ.က ဥက္ကဌ) ရုတ်တရက်သေဆုံးကြောင်း စစ်တပ်ပိုင် မြဝတီသတင်းဌာနက ထုတ်ပြန်ကြေညာတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“(၂၄)ရက်နေ့ နစက ဥက္ကဌ ရုတ်တရက်သေဆုံး ခုပဲ MWD သတင်းဌာန စိတ်မကောင်းစွာနဲ့ အတည်ပြုကြေညာ လိုက်ပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

အခု ဗွီဒီယိုကိုဖြန့်ဝေထားတဲ့ “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ခေါင်းစဉ်လွဲ သို့မဟုတ် ဗွီဒီယိုမှာ သတင်း‌ခေါင်းစဉ်တုတွေတပ်ပြီး ဖြန့်ဝေနေတာဖြစ်တယ်။ (အချက်အလက်စိစစ်မှုတွေကို ဒီမှာ ကြည့်ပါ။)

အခု ဗွီဒီယိုထဲမှာလည်း စစ်ခေါင်းဆောင်သေဆုံးတဲ့အကြောင်းမပါဝင်သလို သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။

တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာတွေဟာ မြင်းမူ ခြေတော်ရာရွာအနီး PDF တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်မှု၊ “ခလယ်တံခွန်တိုင်ဒေသတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို Cloud Wingsပူးပေါင်းအဖွဲ့  ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်”၊ “ခင်ဦးမြို့ပေါ်ရှိ စစ်သားနှင့် ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ၃ ဦးသေဆုံး”စတဲ့သတင်းတွေဖြစ်တာတွေ့ရပါတယ်။

သုံးသပ်ချက်

စစ်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သေဆုံးကြောင်း မြဝတီသတင်းဌာနက ကြေညာခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ ဗွီဒီယိုထဲမှာ သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့တဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်မှု သတင်းတွေ ကို ခေါင်းစဉ်လွဲ သို့မဟုတ် သတင်း‌ခေါင်းစဉ်တုတပ်ပြီး ဖြန့်ချိနေခြင်းဖြစ်တယ်။

ပြောဆိုချက်- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သေဆုံးကြောင်း မြဝတီသတင်းဌာနက ကြေညာ

Avatar

Title:Fact Check: စစ်ခေါင်းဆောင် ရုတ်တရက်သေဆုံးကြောင်းထုတ်ပြန်ကြေညာတဲ့ သတင်းတု

Written By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *