မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးမှ ရုတ်တရက်နုတ်ထွက်ကြောင်း စစ်တပ်ပိုင် မြဝတီသတင်းက ထုတ်ပြန်ကြေညာလိုက်တယ်လို့ဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုဟာ ပျံ့နှံ့မှု အားကောင်း လျှက်ရှိပါတယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ဖြစ်တယ်။

“(၁၇)ရက်နေ့ အရေးပေါ်သတင်း မအလ ရာထူးမှရုတ်တရက်နုတ်ထွက် MWD တရားဝင်ထုတ်ပြန်ကြေညာပြီ မအလ စစ်ရှုံးလို့ ခေါင်းရှောင်သွားပြီဗျို့”လို့ဆိုပြီး Share Local Media”အမည်နဲ့ ယူကျု့ချန်နယ်ကဖော်ပြ ထားပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ မင်းအောင်လှိုင် ရာထူးမှ ရုတ်တရက်နုတ်ထွက်တဲ့ အကြောင်း စစ်တပ်ပိုင် မြဝတီမီဒီယာက ထုတ်ပြန်ကြေညာလိုက်တယ်ဆိုတဲ့သတင်းကို ဖော်ပြသွားတာကို မတွေ့ရပါဘူး။ ဒီအပြင် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းမီဒီယာတွေမှာ ဒီလိုသတင်း ဖော်ပြချက်မျိုးမရှိပါဘူး။

အမှန်တကယ်တော့ ဗွီဒီယိုထဲမှာ မြေလတ်သတင်းဌာနကဖော်ပြထားတဲ့ နေရာဒေသအများစုမှာ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး တည်ငြိမ်အောင်လုပ်နိုင်ပြီလို့ စစ်ခေါင်းဆောင်ပြော ၊ ကချင်သတင်းဌာနကဖော်ပြထားတဲ့ ရှမ်းမြောက်မှာ စစ်တပ်နဲ့ KIA တို့ တိုက်ပွဲပြင်းထန်နေ စတဲ့ သတင်းတွေကိုပြန်လည်ဖတ်ကြားနေခြင်းဖြစ်ပြီး လူစိတ်ဝင်စားဖွယ်ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။

သုံးသပ်ချက်

သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူကာ ခေါင်းစဉ်တု ခေါင်းစဉ်မှားတပ်ပြီး ပြန်လည်ဖြန့်ချိနေတာဖြစ်ပါတယ်။ မင်းအောင်လှိုင် ရာထူးမှ ရုတ်တရက်နုတ်ထွက်တယ်ဆိုတာမဟုတ်သလို စစ်တပ်ပိုင် မီဒီယာဖြစ်တဲ့ မြဝတီကထုတ်ပြန်ကြေ ညာလိုက်တယ်ဆိုတာလည်း မဟုတ်ပါဘူး။

Avatar

Title:Fact Check: မင်းအောင်လှိုင် ရာထူးကနုတ်ထွက်ကြောင်း မြဝတီသတင်းက ထုတ်ပြန် ကြေညာဆိုတဲ့သတင်းတု

Written By: Zun Zee

Result: False