Fact Check : ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝမ်ယိ တွေ့ဆုံမှု ဗွီဒီယိုဟာ AI အသုံးပြု ဖန်တီးထားခြင်းဖြစ်တယ်

False နိုင်ငံရေး | Politics

နေပြည်တော်မှာ အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ တွေ့ဆုံမှု CCTV မှတ်တမ်း ဗွီဒီယိုလို့ဆိုပြီး ဗွီဒီယိုတခု လူမှုကွန်ယက်မှာ ဒီရက်ပိုင်းအတွင်း ပျံ့နှံ့လာတာ တွေ့ရတယ်။ ဉာဏ်ရည်တု(AI)နည်းပညာအသုံးပြု ဖန်တီးထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရတယ်။ နေပြည်တော် ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝမ်ယိတို့ တွေ့ဆုံခဲ့တယ်လို့ ဧရာဝတီသတင်းဌာနက ‌ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းဖော်ပြခဲ့အပြီးမှာလည်း ဒီလိုပြောဆိုထားတဲ့ ဗွီဒီယိုတွေ ထွက်ပေါ်လာတာပဲဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  တူညီတဲ့မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ 

“ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေး ဝမ်ရိတွေ့ဆုံမှု CCTV မှတ်တမ်း”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဧရာဝတီသတင်းဌာနက မေ ၂ ရက်မှာဖော်ပြခဲ့တဲ့ သတင်းကလွဲလို့ ဧပြီ ၂၅ ရက်က နေပြည်တော်ကို ရောက်လာတဲ့ ဝမ်ယိနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုအကြောင်း နေပြည်တော်အစိုးရဘက်ကဖြစ်စေ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကဖြစ်စေ တရားဝင် ထုတ်ပြန်ချက်မရှိပါဘူး။ AFP သတင်းဌာနက ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အရေးကိစ္စ ဆွေးနွေးခဲ့ခြင်းရှိမရှိ တရုတ်ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းမှုရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံရဲ့ မိတ်ဆွေဟောင်းတယောက်ဖြစ်ပြီး သူမအခြေအနေကို အမြဲတမ်း အလေးထား စောင့်ကြည့်နေပါတယ်လို့သာပြောကြားခဲ့ပါတယ်။ 

ဖြန့်ဝေထားတဲ့ ဗွီဒီယိုအစိတ်အပိုင်းကနေ ရုပ်သေဓာတ်ပုံအဖြစ်ရယူပြီး ဗွီဒီယိုဟာ AI ပလက်ဖောင်း တမျိုးမျိုးအသုံးပြုဖန်တီးထားခြင်းရှိမရှိ စစ်ဆေးကြည့်ရာမှာတော့ ဒီလို လူမှုကွန်ယက်မှာ ဖြန့်ဝေထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝမ်ယိတို့ တွေ့ဆုံမှု မှတ်တမ်း ဗွီဒီယိုဟာ AI နဲ့ ဖန်တီးထားတာဖြစ်နိုင်ခြေ ရာနှုန်းပြည် နီးပါးဖြစ်တာတွေ့ရပါတယ်။ 

သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ နေပြည်တော်မှာ တွေ့ဆုံမှုကို နေပြည်တော်အစိုးရရော တရုတ်အစိုးရဘက်ကပါ တရားဝင်ထုတ်ပြန်ပြောဆိုခြင်းမရှိဘဲ မီဒီယာတွေမှာလည်း တရားဝင်အတည်ပြုနိုင်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ နေပြည်တော်မှာ အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှု CCTV မှတ်တမ်းဟာ AI အသုံးပြုဖန်တီးထားတဲ့ အတုအယောင်တခုဖြစ်တာတွေ့ရပါတယ်။

Result Stamp

Title: Fact Check : ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝမ်ယိ တွေ့ဆုံမှု ဗွီဒီယိုဟာ AI အသုံးပြု ဖန်တီးထားခြင်းဖြစ်တယ်

Fact Check By: နေရာမောင်

Result: False


Leave a Reply

Your email address will not be published. Required fields are marked *