UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကာကွယ်ထိုးသတ်မှုမှာ အနိုင်ရပြီး ၂ ထပ်ကွမ်းချန်ပီယံဖြစ်လာတဲ့ ဂျိုရှုအာဗန်ကို သမ္မတထရမ့်က ဂုဏ်ပြုလက်မှတ်ပေးအပ်နေတဲ့ ဓာတ်ပုံဆိုပြီး ဓာတ်ပုံတပုံ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံသာ ဖြစ်တယ်။
မေ ၁၀ ရက်က အမေရိကန်မှာ ကျင်းပတဲ့ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံကာကွယ်ပဲမှာ မြန်မာနိုင်ငံ ချင်းပြည်နယ်ဖွား အမေရိကန်နိုင်ငံသား ဂျိုရှုအာဗန်(Joshua Van)က ဂျပန်နိုင်ငံသား လက်ဝှေ့သမား တက်ဆုရိုတိုင်ရာ(Tatsuro Taira)ကို အနိုင်ရရှိခဲ့ပါတယ်။
အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော ပျံ့နှံ့မှုအားကောင်းနေတဲ့ ဒီလိုပြောဆိုဖြန့်ဝေ ထားတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တခြား တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။
“နှစ်ထပ်ကွန်း ချန်ပီယံကြီး ဗန်ကို အမေရိကန် သမ္မတကြီး ထရန့်ကိုယ်တိုင် ချီးကျူးဂုဏ်ပြုလိုက်ပြိ”

အချက်အလက်စိစစ်ချက်
ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က ဂျိူရှုအာဗန်ဂုဏ်ပြုပွဲမှာ အင်ဒီယားနားပြည်နယ်အတွင်းရေးမှူး ဒီရေကိုမော်ဒါ(Diego Morales)က ဂုဏ်ပြုလက်မှတ်ပေးအပ်တဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှာ “lungmilipost”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဂျိူရှုအာဗန်ကို အင်ဒီယားနားပြည်နယ်အတွင်းရေးမှူး ဒီရေကိုမော်ဒါနဲ့ အတူတွေ့ရပါတယ်။

Secretary of State Diego Morales ဖေ့စ်ဘွတ်စာမျက်နှာကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှာ အလားတူတဲ့ ဓာတ်ပုံတွေနဲ့အတူ ဂျိူရှုအာဗန်ကို ဂုဏ်ပြုစာသားတချို့နဲ့ ဖော်ပြထားတာကို အောက်မှာကြည့်ပါ။
“UFC ချန်ပီယံ Joshua “The Fearless” Van နဲ့အတူ အင်ဒီယားနားအလယ်ပိုင်းမှာ မယုံနိုင်စရာညတစ်ညပါပဲ။ သမ္မတ Donald J. Trump နဲ့ Dana White တို့ ပြသခဲ့သလိုပဲ အောင်မြင်မှုဆိုတာ ဇွဲလုံ့လနဲ့ နောက်မဆုတ်တဲ့အပေါ်မှာ အခြေခံထားတာပါ။”
သမ္မတထရမ့်ရဲ့ ဂုဏ်ပြုချီးမြှင့်မှုဆိုတဲ့ ဓာတ်ပုံနဲ့ အင်ဒီယားနားပြည်နယ်အတွင်းရေးမှူးက ၂၀၂၅ ခုနှစ်မှာ ဂုဏ်ပြုလက်မှတ်ပေးအပ်စဉ်က ဓာတ်ပုံကို အောက်ပါအတိုင်းယှဉ်ကြပါ။

သုံးသပ်ချက်
မေ ၁၀ ရက်က ချန်ပီယံ ခါးပတ်ကာကွယ်ထိုးသတ်ပွဲအပြီး ဂျိုရှုအာဗန်ဟာ သမ္မထရမ့်နဲ့ တွေ့ဆုံခဲ့တဲ့ အထောက် အထားမရှိချိန်မှာ ဓာတ်ပုံဟာ ၂၀၂၅ ဒီဇင်ဘာထဲမှာ အင်ဒီယားနားပြည်နယ်အတွင်းရေးမှူးက ဂုဏ်ပြု လက်မှတ်ပေးအပ်စဉ်က ဓာတ်ပုံကို ဒီဂျစ်တယ်နည်းလမ်း အသုံးပြု ဖန်တီးထားခြင်းဖြစ်တာ တွေ့ရပါတယ်။ ဒီအတွက်ကြောင့် ပြုပြင်ပြောင်းလဲထားပြီး မှားယွင်းစွာ ဖြန့်ချိထားတဲ့ ဓာတ်ပုံအဖြစ် သတ်မှတ်ပါတယ်။

