Fact Check: မင်္ဂလာဒုံလေတပ်ကို NUG အထူးတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်မှု အများအပြားသေဆုံးတဲ့ သတင်းတု

False နိုင်ငံရေး | Politics

မင်္ဂလာဒုံလေတပ်ကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) အထူးကွန်မန်ဒိုတပ်တွေက တိုက်ခိုက်မှု အဆင့်မြင့်အရာရှိတဦးအပါအဝင် လေတပ်အရာရှိအများအပြား သေဆုံးသွားတယ်လို့ ဆိုပြီး ယူကျူ့ချန်နယ်တခုက ဖြန့်ဝေနေတာဟာ သတင်းတုသာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“မင်္ဂလာဒုံလေတပ် သွေးချောင်းစီးနေပြီ NUG အထူးကွန်မင်ဒိုတပ်ဖွဲ့မှ တိုက်ခိုက် ၊ လေတပ် ချုပ်အပါဝင် အရာရှိအများပြား သေဆုံး”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဒီဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်က ဖော်ပြချက်ထဲမှာ “ရန်ကုန်မြို့၊ မင်္ဂလာဒုံရှိ လေတပ်အခြေစိုက်စခန်းတစ်ခု ယနေ့မနက်ပိုင်းတွင် ပြင်းထန်စွာ တိုက်ခိုက်ခံခဲ့ရပြီး လေတပ်အရာရှိများ အပါအဝင် လူသေဆုံးမှုများပြားကာ အဆောက်အဦးများစွာ ပျက်စီးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များအရ သိရပါသည်။ မနက် ၄ နာရီခန့်တွင် စတင်ခဲ့သော တိုက်ခိုက်မှုသည် အကြိမ်ကြိမ်ပစ်ခတ်မှုများနှင့် ဖောက်ခွဲမှုကြီးများသည် ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုများနှင့် ပစ်ခတ်မှုများ စတင်ခဲ့ပြီ လေတပ်အတွင်းရှိ အဆောက်အဦးများစွာ ပျက်စီးခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားပါသည်”စသည်ဖြင့်ပါဝင်ပြီး တိုက်လေယာဉ်နဲ့ အဆောက်အဦးတွေ မီးလောင်ပေါက်ကွဲနေတဲ့ ဓာတ်ပုံတွေလည်း ပါဝင်တယ်။

ဒီရက်ပိုင်းအတွင်း မင်္ဂလာဒုံလေတပ်စခန်းတိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေ ‌ဖော်ပြချက်မတွေ့ရပါဘူး။ 

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုမှုတွေနဲ့  သတင်းမီဒီယာ တွေက သတင်းတွေကို ရောနှော ဖြန့်ချိတာ၊ မီဒီယာတွေမှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ဖြန့်ဝေတာတွေ ဖြန့်ချိပါတယ်။ အထူးသဖြင့် ဒီချန်နယ်ဟာ သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်နဲ့ အမှတ်တံဆိပ်ကို တုပထားတဲ့ ချန်နယ်တခုဖြစ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး  Fact Crescendo Myanmar မကြာခဏ အချက်အလက်စိစစ်ချက်တွေ ‌ဖော်ပြခဲ့ပြီးဖြစ်တယ်။  

ဒီအပြင် ၈ မိနစ်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာတော့ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ “ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံအထူးသံတမန် တွေ့ဆုံခွင့်ပေးရန် ဖိလစ်ပိုင် တောင်းဆိုမှု”၊ “ကပစ ၁၆ အနီး AA နှင့် စစ်တပ် တိုက်ပွဲပြင်းထန်မှု”၊ “အာဆီယံ ထိပ်သီးညီလာခံနှင့် စစ်ကောင်စီ ကိုယ်စားလှယ် ကန့်သတ်ခံရမှု”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

ဒီရက်ပိုင်းထဲမှာ မင်္ဂလာဒုံလေတပ် တိုက်ခိုက်ခံရတဲ့ သတင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ‌ဖော်ပြချက် တစုံတရာမရှိချိန်မှာ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုမှုတွေ ဖြန့်ဝေနေတဲ့နေရာဖြစ်တာတွေ့ရပါတယ်။ ဒီအတွက်အကြောင့် မင်္ဂလာဒုံလေတပ်ကို NUG အထူးတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အများအပြားသေဆုံးတယ်ဆိုတာ သတင်းတုသာဖြစ်တယ်လို့ သတ်မှတ်ပါတယ်။

Result Stamp

Title: Fact Check: မင်္ဂလာဒုံလေတပ်ကို NUG အထူးတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်မှု အများအပြားသေဆုံးတဲ့ သတင်းတု

Fact Check By: နေရာမောင်

Result: False


Leave a Reply

Your email address will not be published. Required fields are marked *