Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် ကာလုံအစည်းအဝေး တက်မယ်ဆိုတဲ့ သတင်းတုသတင်းမှား

False နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် ကာလုံအစည်းအဝေး တက်မယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာဟာ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်ပါတယ်။

ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုပို့စ်တစ်ခုမှာ “ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အရေးပေါ် ပါဝင်မည်”လို့ ရေးသားပြီး ဗွီဒီယိုမှာတော့ “ဒုသမ္မတ ဦးမြင့်ဆွေ ထွက်ပြောပြီ ၂၁ ရက်နေ့ ဘယ်သူ့ဖိအားမှ ဂရုမိုက်ပဲ ကာလုံကို လူစုံတက်စုံ ကျင်းပမည်ဟု ကြေညာ စစ်တပ်ကို ထုတ်ပယ်ဖို့ ပြောပြီ”စသည်ဖြင့်လည်း ရေးသားထားပါတယ်။ “Krovan Kamsan” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၈၀၀ ကျော်ရှိပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

အခြားသော ဗွီဒီယိုပို့စ်တစ်ခုမှာတော့ “ကာလုံအစည်းဝေးအမေစုနဲ့သမ္မတကြီးပါတက်မယ်”လို့လည်း ရေးသားထားပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

အချက်အလက်စိစစ်ချက်

၂၀၂၃ ခုနှစ် ဇန်နဝါရီလအကုန်မှာ စစ်အာဏာသိမ်း ၂ နှစ်ပြည့်ဆောင်ရွက်ချက်တွေကိုအစီရင်ခံဖို့ စစ်တပ်က ကာကွယ်ရေးနဲ့လုံခြုံရေးအစည်းအဝေး(ကာ/လုံ)ခေါ်ဖို့ရှိပါတယ်။ စစ်တပ်က လက်ခံကျင့်သုံးနေဆဲဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေအရ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆိုတဲ့ ဒီအစည်းအဝေးတွေမှာ နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ပါဝင်ရမယ်လို့ ပြဌာန်းပါတယ်။ 

စစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ ရွေးကောက်ပွဲမသမာမှုဆိုတဲ့အကြောင်းပြချက်နဲ့  ဒုတိယသမ္မတ ဦးမြင့်ဆွေကို ယာယီသမ္မတ အဖြစ်ခန့်အပ်ပြီး အရေး ပေါ်ကာလ ၁ နှစ်ကြေညာခိုင်းခဲ့ကာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီကို အာဏာလွှဲ ပေးခဲ့ ပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ နောက်ထပ် ၆ လတစ်ကြိမ်၊ ဩဂုတ်လထဲမှာ ၆ လတစ်ကြိမ် အရေးပေါ် အခြေအနေဆိုပြီးတော့ စစ်တပ်ခန့် ယာယီသမ္မတ ဦးမြင့်ဆွေက အာဏာလွှဲပေးထားပါတယ်။ 

၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးကတည်း သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားပြီး လက်ရှိအချိန်မှာတော့ အဂတိမှု၊ သဘာဝဘေး။ ဆူပူလှုံဆော်မှုစသည့်အမှုပေါင်းများစွာနဲ့  နှစ်ရှည်ထောင်ချခံ ထားရပါတယ်။

စစ်တပ်အလိုကျရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို စစ်တပ်က လိုက်နာနေဆဲဆိုပေမဲ့ ဒီအစည်းအဝေးတွေမှာလည်း နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတဦးဝင်းမြင့်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသားလွှတ်တော် ဉက္ကဌ( လက်ရှိ NUG ဝန်ကြီးချုပ်) မန်းဝင်းခိုင်သန်းတို့ ပါဝင်ခြင်းမရှိခဲ့ပါဘူး။ ဒီအတွက် ၂၀၀၈ ဉပဒေနဲ့အညီ စစ်တပ်က အာဏာထိန်းတယ်လို့ စစ်တပ်လော်ဘီတွေက ဝါဒဖြန့်နေပေမဲ့ လုပ်နေတဲ့ ကာ/လုံအစည်းအဝေးအပါအဝင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေဟာ ဉပဒေနဲ့ ညီညွှတ်မှုမရှိဘူးလို့ ဉပဒေသမားတွေက သုံးသပ်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ကာ/လုံအစည်းအဝေးတက်မယ်ဆိုတဲ့ ဗွီဒီယိုကိုလေ့လာ ကြည့်မယ်ဆိုရင်လည်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ Burma News Network က ဇန်နဝါရီ ၂၁ ရက်ဖော်ပြခဲ့တဲ့ ဉပဒေပညာရှင် ဦးကြီးမြင့်နဲ့ အင်တာဗျူးတစ်ခုကို ပြန်လည်ကူးယူဖော်ပြနေခြင်း ဖြစ်တာတွေ့ရပါတယ်။ ဒီအင်တာဗျူးမှာ ရှေ့နေဦးကြီးမြင့်က“ဥပဒေနဲ့မညီတဲ့ လိမ်ဆင်ရွေးကောက်ပွဲကို အကြောင်းပြပြီး စစ်ကောင်စီက နောက်ထပ် ၂ နှစ်လောက် အချိန်ထပ်ဆွဲလိမ့်မယ်။ ဒီလို လိမ်ဆင်ရွေးကောက်ပွဲ ကို စောင့်နေမယ့်အစား၊ စစ်ကောင်စီက ကြိုးဆွဲတဲ့အကွက်အတိုင်း လိုက်ကနေမယ့်အစား စစ်အာဏာရှင်ပြုတ် ကျရေး တိုက်ပွဲကိုသာ အာရုံစိုက်သင့်တယ်”လို့သုံးသပ်ပါတယ်။

စစ်တပ်ကပယ်ဖျက်ခဲ့တဲ့ ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲရလာဒ်ကို ကိုင်ဆွဲပြီးဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီကတော့ ၂၀၀၈ အခြေခံဉပဒေကို ဖျက်သိမ်းကြောင်း ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်မှာ ကြေညာပါတယ်။

သုံးသပ်ချက်

မီဒီယာတစ်ခုမှာဖော်ပြခဲ့တဲ့ ရှေ့နေဦးကြီးမြင့်နဲ့ တွေ့ဆုံမေးမြန်းမှူကို ဖော်ပြရာမှာ လူတွေစိတ်ဝင်စားမှုရဖို့ အတွက် စစ်တပ်ရဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို ကာလုံ အစည်းအဝေးတက်မယ်ဆိုပြီးတော့ သတင်းခေါင်းစဉ်တုနဲ့ ပြန်လည်ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် ကာလုံအစည်းအဝေး တက်မယ်ဆိုတဲ့ သတင်းတုသတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *