
နေပြည်တော်အပါအဝင် မြို့ကြီး ၅ မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်နဲ့ အရာရှိကြီးတွေ ဖမ်းဆီးခံရဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်လွဲတပ် ဗွီဒီယိုတွေဖြစ်တယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။
“နေပြည်တော်အပါအဝင် မြို့ကြီး(၅)မြို့ကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်လိုက်ပြီဟေ့ မအလ၊စိုးဝင်းနဲ့ အရာရှိ(၉၀) အဖမ်းခံရ / ခေသစ် အတည်ပြုပြီ”
အလားတူတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခု ဒီဗွီဒီယိုတွေကို ဖြန့်ဝေနေတဲ့ “Share Local Media”အမည်နဲ့ ယူကျု့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိလေ့ရှိတာ တွေ့ရပါတယ်။ ဗွီဒီယိုတွေထဲမှာ စစ်ခေါင်းဆောင်တွေအကြောင်းမပါဝင်သလို နေပြည်တော် အပါအဝင် မြို့ကြီးတွေသိမ်းပိုက်မှု အကြောင်းမပါဝင်ပါဘူး။
ခေါင်းစဉ်လွဲတပ်ဖြန့်ဝေထားတဲ့ ဗွီဒီယိုတွေမှာ အောက်တိုဘာ ၂၇ ရက်မှာ စတင်လိုက်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတိုက်ပွဲတွေနဲ့ ပတ်သပ်ပြီး MNDAA၊ TNLA နဲ့ AA နဲ့ မဟာမိတ်တွေရဲ့ စစ်ရေးသတင်းအကြောင်း အရာတွေ၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက တိုက်ပွဲနဲ့ စစ်ရေးသတင်း၊ ရန်ကုန်က ပျောက်ကျားလှုပ်ရှားမှု သတင်း တွေကို ပြန်လည်မျှဝေနေခြင်းသာဖြစ်တယ်။ အထူးသဖြင့် ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းတွေကို ပြန်လည်ရယူထားခြင်းဖြစ်တယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်ပြီး Operation 1027 – 3BHA အမည်နဲ့ ဒီဖေ့စ်ဘွတ်စာ မျက်နှာမှာကြည့်နိုင်ပါတယ်။ MNDAA ရဲ့ သတင်းပြန်ကြားရေးစာမျက်နှာ တခုဖြစ်တဲ့ The Kokang မှာ တိုက်ပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ဆက်တိုက်ထုတ်ပြန်နေပါတယ်။
သုံးသပ်ချက်
သတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့တဲ့ တိုက်ပွဲသတင်းတွေကို ပြန်လည်ကူးယူဖြန့်ချိထားရာမှာ လူစိတ်ဝင်စားမှု ထပ်မံမြှင့်တင်ဖို့အတွက် သတင်းခေါင်းစဉ်တုအသုံးပြုထားခြင်းဖြစ်တယ်။ နေပြည်တော်ကို သိမ်းပိုက်မှုနဲ့ စစ်ခေါင်းဆောင်တွေ အဖမ်းခံရမှုသတင်းဟာ သတင်းတုသာဖြစ်တယ်။
ပြောဆိုချက်- နေပြည်တော်အပါအဝင် မြို့ကြီးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ပြီး စစ်ခေါင်းဆောင် တွေကို ဖမ်းဆီးထားမှု

Title:Fact Check: နေပြည်တော်ကို သိမ်းပိုက်မှုနဲ့ စစ်ခေါင်းဆောင်တွေ အဖမ်းခံရမှုသတင်းတု
Written By: နေရာမောင်Result: False