ရန်ကုန်လေတပ်စခန်း ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ပစ်ခတ်မှု လေယာဉ် ၂ စီးပျက်စီး စစ်ကောင်စီတပ်က ၁၃ ဦးသေဆုံး တဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ရန်ကုန် လေတပ်စခန်းရှော့ဒုံး(၁၀)လုံးနဲ့ပစ်ဆော်လေယာဉ်(၂)စီးပျက်စီးကာစစ်ခွေး(၁၃)ကောင်သေဆုံး”စသည်ဖြင့် ရေးသားထားသလို ဗွီဒီယိုထဲမှာလည်း “ (၂၃) ရက်နေ့ မနက်ခင်းသတင်းထူး ရန်ကုန်လေတပ်စခန်း ရှော့ဒုံး (၁၀)လုံးနဲ့ ပစ်ဆော်လေယာဉ်(၂)စီးပျက်စီးကာစစ်ခွေး(၁၃)ကောင်သေဆုံး”လို့လည်းရေးသားထားပါတယ်။

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်မီဒီယာမှာ မေ ၂၂ ရက်က ဖော်ပြခဲ့တဲ့ PDF နဲ့ စစ်ကောင်စီလက် အောက်ခံ တပ်တွေထိခိုက်မှုသတင်းတွေကို မျှ‌ဝေနေခြင်းဖြစ်တယ်။ ၄မိနစ်ကျော်ရှည်လျားတဲ့ ယူကျူ့ ဗွီဒီယိုပါ အကြောင်းအရာတွေဟာ “စစ်ကိုင်းမြို့နယ်ရှိ ကံတလူတိုးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး(ရုပ်/သံ)”၊ “စစ်ကိုင်းမြို့နယ်ရှိ ပဒူတိုက်နယ်ရဲစခန်းကို PDF တပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံး၊ ထားဝယ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး ခဲယမ်းများ သိမ်းဆည်းရရှိ”ဆိုတဲ့ သတင်းတွေပဲဖြစ်ပါတယ်။

ယခုရက်ပိုင်းမှာ ရန်ကုန် မင်္ဂလာဒုံနဲ့ မှော်ဘီမှာရှိတဲ့ လေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတယ်ဆိုတဲ့ သတင်းဖော်ပြချက်မျိုးမတွေ့ရပါဘူး။

သုံးသပ်ချက်

ရန်ကုန်ခေတ်သစ်မီဒီယာမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ်ထားခြင်း ဖြစ်တယ်။ ဗွီဒီယိုပါအကြောင်းအရာဟာ စစ်ကိုင်းမှာ စစ်ကောင်စီလက်အောက်ခံတပ်တွေကို PDF က တိုက်ခိုက်မှု သတင်းတွေကို မျှ‌ဝေနေခြင်းဖြစ်သလို ရန်ကုန်မှာ စစ်ကောင်စီလေတပ်စခန်း ယခုရက်ပိုင်းအတွင်းတိုက်ခိုက်ခံရ တဲ့ သတင်းလည်း မတွေ့ရပါဘူး။ပြောဆိုချက်- ရန်ကုန်လေတပ်စခန်း ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ပစ်ခတ်မှု လေယာဉ် ၂ စီးပျက်စီး စစ်ကောင်စီတပ်က ၁၃ ဦးသေဆုံး

Avatar

Title:Fact Check: ရန်ကုန်လေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှု လေယာဉ် ၂ စီးပျက်စီးပြီး စစ်သား ၁၃ ဦးသေဆုံးတဲ့ သတင်းတု

Written By: နေရာမောင်

Result: False