
ဟားငါးကောင်က အလင်းဝင်ရောက်လိုကြောင်း ပြောကြားချက်ဗွီဒီယိုဆိုပြီးတော့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။
“ဟားငါးကောင်က အလင်းဝင်ရောက်လိုကြောင်း ပြောပြီ။” စသည်ဖြင့် ရေးသားပြီး “Verity News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားပါတယ်။
၅၅ စက္ကန့်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ ဟာသလူရွှင်တော် တိုင်းကျော်လို့ ယူဆရတဲ့ အမျိုးသားတစ်ဦးက “အရင်တုန်းက တကယ်ကိုလည်းမကြိုက်ခဲ့ပါဘူး။ မကြိုက်လို့လည်း ကျွန်တော်တို့တွေ စစ်ကောင်စီကို တွန်းလှန်မယ်ဆိုပြီးတော့ တော်လှန်မယ်ဆိုပြီးတော့ ကျွန်တော်တို့တွေ တော်ခုခဲ့ပါတယ်။ လွတ်မြောက် နယ်မြေကို ကျွန်တော်တို့တွေ ရောက်အောင်လာခဲ့ပါတယ်။ အခုချိန်မှာ ကျွန်တော်တို့ အနုပညာသမားတွေက မြို့ပေါ်မှာ ပွဲလမ်းသဘင်တွေလုပ်နေကြတယ်။ ကနေကြတယ်။ ကျွန်တော်တို့ အနုပညာရှင်တွေ အများကြီးပဲ ကနေကြတယ်။ အဲတာသူတို့ကို တွေ့တော့ ကျွန်တော်တို့လည်း ကချင်တာပေါ့ဗျာ။ ကျွန်တော်လည်း အနုပညာသမားလေဗျာ။ ကချင်တာပေါ့။ အခုကျွန်တော်တို့ နားလည်သွားပါပြီ။ တပ်မတော်ရဲ့ သဘောထား အမှန်ကို ကျွန်တော်တို့ ညီကို ၅ယောက်နားလည်သွားပါပြီ။ အဲ့တော့ ကျွန်တော်တို့ကို ပြန်လည်ပြီးတော့မှ အဘတို့ရဲ့ ရင်ခွင်မှာ ခိုလှုံခွင့်ပေးပါ”လို့ပါဝင်ပါတဘ်။
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို လေ့လာကြည့်ရာမှာ အရည်အသွေးနိမ့်ပြီး အသံနဲ့ ပါးစပ်လှုပ်ရှားမှုကို ပေါင်းစပ်ပြီး လိုအပ်သလို ပုံဖော်ထားတဲ့ Deepfake ဗွီဒီယိုတစ်ခုဖြစ်တာတွေ့ရပါတယ်။ သူတို့ အခုလို တော်လှန်ရေးကို စွန့်ခွာပြီး နေရပ်ပြန်လိုကြောင်း ပြောကြားချက်ကို အခြားသော မီဒီယာတွေမှာ ဖော်ပြချက်မတွေ့ရပါဘူး၊ ဟားငါးကောင်ဟာသအဖွဲ့ဟာ စစ်အာဏာသိမ်းပြီးသိပ်မကြာခင်မှာပဲ စစ်တပ်ကလိုက်လံဖမ်းဆီးတာကြောင့် လွတ်မြောက်နယ်မြေကို ထွက်ပြေးလာကြရတာဖြစ်ပါတယ်။ အဲဒီနောက်မှာ လွတ်မြောက်နယ်မြေကနေ တော်လှန်ရေးနဲ့ပတ်သက်ပြီး သူတို့ ဆက်တိုက်လုပ်နေဆဲဖြစ်တာတွေ့ရပါတယ်။
ဒီမိုကရက်တစ်မြန်မာအသံ(DVB)သတင်းဌာနက “ပြည်သူ့ဘက်တော်သား ဟားငါးကောင်အဖွဲ့ တော်လှန်သင်္ကြန် ထုတ်လွှင့်မည်(ရုပ်သံ)”လို့ ဧပြီ ၁၁ ရက်က သတင်းဖော်ပြခဲ့တာတွေ့ရပါတယ်။ ဟားငါးကောင်အဖွဲ့ဝင် တိုင်းကျော်က လူထုအနေနဲ့ အိမ်ထဲမှာပဲနေဖို့ တိုက်တွန်းထားပါတယ်။

မူရင်းလင်ခ့် – ဒီမိုကရက်တစ်မြန်မာအသံ | Archive link
သုံးသပ်ချက်
ဟားငါးကောင်က အလင်းဝင်ရောက်လိုကြောင်း ပြောကြားချက်ဗွီဒီယိုဟာ အတုယောင်ပြုလုပ်ချက်ဖြစ်ပြီး တကယ်တော့ ဟား ၅ ကောင်ဟာ လွတ်မြောက်နယ်မြေမှာ တော်လှန်ရေးလုပ်နေဆဲဖြစ်ပါတယ်။

Title:Fact Check: ဟား ၅ ကောင်အလင်းဝယ်ဖို့ပြောကြားမှု ဝါဒဖြန့်သတင်းမှားဗွီဒီယိုသာ ဖြစ်တယ်
Fact Check By: Zun ZeeResult: Misleading