
မန္တလေးနန်းတွင်း တိုက်ခိုက်မှုမှာ တိုင်းမှူးမိသားစုသေဆုံးခဲ့ပြီး လေယာဉ်အစီး ၂၀ ပျက်စီးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာမှာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ ထိခိုက်သေဆုံးမှုအချို့ရှိပေမဲ့ ဘယ်သူဘယ်ဝါဆိုတာကို တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ အဖွဲ့အစည်းတွေကိုယ်တိုင် အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
“မန္တလေးတိုင်း စစ်ဌာနချုပ် ဒုံး(၆)လုံးနဲ့ ပစ်ခပ်ခံရမှုမှာ တိုင်းမှူးတစ်မိသားစုလုံး ထိပြီး သေဆုံးတဲ့ လေယဉ်အစီး(၂၀)ပြာကျ၊ သွေးချောင်းစီးခဲ့”

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
မန္တလေးနန်းတော်ထဲမှာ ရှိတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မြို့ပြပြောက်ကျားစစ်ဆင်ရေးအနေနဲ့ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က တိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်ခဲ့တဲ့ အဖွဲ့က ထုတ်ပြန်ခဲ့ပြီး သတင်းမီဒီယာတွေမှာ ဒီသတင်းကို ဖော်ပြခဲ့ကြပါတယ်။ မီဒီယာတွေရဲ့ သတင်းဖော်ပြချက်ကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။
မန္တလေးမြို့နန်းတွင်းမှာအခြေစိုက်တဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ရာ တိုင်းမှူး၊ ဒုတိုင်းမှူး နေအိမ်နဲ့ စစ်သည်အမျိုးသမီးအဆောင်ကို ထိမှန်ပြီး စစ်တပ်ဘက်မှ ရာထူးကြီး အဆင့် ၁ ဦးသေဆုံးကြောင်း တိုက်ခိုက်ခဲ့တဲ့အဖွဲ့အစည်းက ကိုင်တွယ်နေတယ်လို့ ယူဆရတဲ့ Brave Warriors for Myanmar (BWM)အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကထုတ်ပြန်ချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာန က အောက်ပါအတိုင်းရေးသားပါတယ်။ ရာထူးကြီး တဦးသေဆုံးမှုကို အတည်ပြုနိုင်ပေမဲ့ ဘယ်အဆင့်နဲ့ ဘယ်သူဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ ဒီသတင်းမှာ ဖော်ပြပါတယ်။ အပြည့်အစုံကို ဒီလင့်ခ်မှာ ဖတ်ပါ။

တကယ်တမ်း အခု သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုထဲပါ သတင်းဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဒီသတင်းဖော်ပြချက်ကိုပဲ ဖတ်ကြားနေခြင်းဖြစ်ပါတယ်။
သုံးသပ်ချက်
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေး နန်းတွင်းကို တိုက်ခိုက်ခဲ့တဲ့ အဖွဲ့အစည်းဘက်က နောက်ဆက်တွဲ ထုတ်ပြန်ချက်မှာတော့ အရာရှိကြီး တဦးသေဆုံးကြောင်း အတည်ပြုနိုင်တယ်လို့ ဖော်ပြပြီး ဘယ်သူဘယ်ဝါဖြစ်တယ်လို့ အတည်မပြုနိုင်ကြောင်းဖော်ပြပါတယ်။ ဒီလိုပဲ အခြားသော ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေကလည်း တိုင်းမှူးသေဆုံးမှုအဖြစ် အတည်ပြုထားတာမရှိပါဘူး။ ဒီအပြင် မန္တလေးနန်းတွင်းထဲမှာ လေယာဉ်ကွင်းမရှိသလို လေယာဉ်လဲမရှိပါဘူး။
Title:Fact Check: မန္တလေးနန်းတွင်း တိုက်ခိုက်မှုမှာ တိုင်းမှူးတမိသားစုလုံးသေဆုံးပြီး လေယာဉ် အစီး ၂၀ ပျက်စီးဆိုတဲ့ သတင်းတု
Written By: နေရာမောင်Result: Missing Context

