Fact Check: KBZ ဘဏ်ဒေဝါလီခံလိုက်ပြီဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ခေါင်းစဉ်မှား

Misleading စီးပွားရေး | Economy

KBZ ဘဏ်ဒေဝါလီခံလိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရတယ်။ တကယ်တော့ ဗွီဒီယိုထဲမှာ KBZ PAY အကောင့်တွေ ပိတ်သိမ်းခံရမှုအကြောင်းသာပါဝင်ပါတယ်။ သတင်းခေါင်း စဉ်မှားအသုံးပြုပြီး လူတွေကိုလှည့်စားထားတဲ့ သတင်းတစ်ခုဖြစ်ပါတယ်။

အောက်ပါ screenshots ကတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျှက်ရှိတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။

“KBZ ဘဏ်ဒေဝါလီခံလိုက်ပြီ”လို့ ရေးသားပြီး “MM New” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက စက်တင်ဘာ ၂၁ ရက်က အောက်ပါ အတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၂ သိန်းကျော်ရှိပါတယ်။ ဗွီဒီယိုထဲက  Thumbnail ဓာတ်ပုံစာသားမှာလည်း “(21)ရက်နေ့ KBZ ဘဏ်ဒေဝါလီခံလိုက်ပြီ ဦးတေဇ ပြေပြီးတဲ့ KBZ ဘဏ်ဒေဝါလီခံလိုက်ပြီ”စသည်ဖြင့်ပါဝင်ပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေက ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့  Youtube ရဲ့ ဒီနေရာဒီနေရာမှာလည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

သတင်းခေါင်းစဉ်နေရာနဲ့ ဗွီဒီယိုရဲ့ Thumbnail ပုံစာသားထဲမှာ KBZ ဘဏ်ဒေဝါလီခံလိုက်ပြီလို့ရေးသားထားပေမဲ့ ဗွီဒီယိုပါ အကြောင်းအရာဟာ ငွေသိန်းရာနဲ့ချီရှိတဲ့ KBZ PAY နဲ့ Wave Money အကောင့်တွေ အပိတ်ခံရတဲ့ အကြောင်းနဲ့ ဒီငွေတွေပြန်ရနိုင်ဖွယ်မရှိတော့တဲ့အကြောင်း Khit Thit Media မှာ စက်တင်ဘာ ၂၁ ရက်က ဖော်ပြ တဲ့ သတင်းကို ဖတ်ကြားနေတာဖြစ်ပါတယ်။ 

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ် သတင်းတစ်ခုကလည်း  စက်တင်ဘာ ၂၁ ရက်က Khit Thit Media မှာဖော်ပြတဲ့ မိတ္တီလာအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်တဲ့ ကိုဇော်လပြည့်(ခ)ကိုဇွန်လပြည့်ဟာ နာမကျန်းဖြစ်ခဲ့ပေမဲ့ ထောင်အာဏာပိုင်တွေက အချိန်မီဆေး ကုသခွင့်မပေးခဲ့တာကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့ အကြောင်းရေးသားထားတဲ့ သတင်းဖြစ်ပါတယ်။ 

ထို့အပြင် ဗွီဒီယိုတစ်ခုလုံးမှာ KBZ ဘဏ်ဒေဝါလီခံမယ်ဆိုတဲ့အကြောင်း တစ်စုံတစ်ရာမပါဝင်ပါဘူး။

သုံးသပ်ချက်

လူတွေစိတ်ဝင်စားမှုများပြားခဲ့တဲ့ အကြောင်းအရာတွေကို ဒီလိုသတင်းခေါင်းစဉ်တု၊ခေါင်းစဉ်အမှားတွေပေးပြီး ပြန်လည်ဖော်ပြကာ Youtube ကနေဝင်ငွေရှာနေတဲ့ ဘလော့ဂ်စာမျက်နှာတွေရဲ့ဖော်ပြချက်ဖြစ်ပါတယ်။ KBZ ဘဏ်ဒေဝါလီခံတယ်ဆိုတာမဟုတ်ပါဘူး။

Avatar

Title:Fact Check: KBZ ဘဏ်ဒေဝါလီခံလိုက်ပြီဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ခေါင်းစဉ်မှား

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *